သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းကိုရွှေ့ပြောင်းဖို့ဆန္ဒမရှိ


Bhasan Char ကျွန်း
Bhasan Char ကျွန်း

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မိုးကုန်ရင် ပြောင်းရွှေ့နေရာချထားမယ်ဆိုတဲ့ Bhasan Char ကျွန်းပေါ်ကို အတင်းအကျပ်ပြောင်းရွှေ့ပေးမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေက အတော်လေး စိုးရိမ်နေကြပါတယ်။ ရေလွှမ်းမိုးနိုင်တဲ့အန္တရာယ်ရှိသလို လူနေလို့မရတဲ့ကျွန်းတခုဖြစ်တာရယ် လမ်းပမ်းဆက်သွယ်ရေး လုံခြုံရေးတင်းကျပ်ထားပြီး ဘယ်မှသွားလို့ လာလို့မရပဲ သူတို့ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားမှာကိုလည်း စိတ်ပူပင်နေကြတယ်လို့ ကုတုပလောင်နဲ့ ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အခုနှစ် မိုးရာသီကုန်ရင် ဘင်္ဂလား ပင်လယ်အော်အတွင်းက Bhasan Char ဆိုတဲ့ ကျွန်းပေါ်မှာ ပြောင်းရွေ့ထားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေဘက်က စိုးရိမ်တကြီး ကန့်ကွက်နေကြသလိုပဲ ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကလည်း သူတို့ကို ပို့ဖို့စီစဉ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အစီစဉ်ကို ငြင်းဆန်ပါတယ်။ သူတို့ကိုပို့မယ်လို့ပြင်ဆင်နေတဲ့ အဲဒီကျွန်းဟာ ပင်လယ်ပြင်ကြီးထဲက သက်နုကျွန်းတခုဖြစ်သလို ရေလွှမ်းမိုးနိုင်တဲ့ အနေအထားဖြစ်တာမို့ ကလေးငယ်တွေအပါအဝင် သက်ကြိးရွယ်အိုတွေ ဒုက္ခသည်တွေအတွက် အသက်အန္တရာယ်စိုးရိမ်ရပြီး လုံခြုံ စိတ်ချမှု မရှိတဲ့အပြင် ကမ္ဘာကြီးနဲ့ပါ အဆက်အသွယ်ပြတ်တောက်သွားမယ့်အရေး ကြောင့် မသွားလိုကြဘူးလို့လည်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်သူတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက Balukhali ဘာလုခါလီဒုက္ခသည်စခန်း နေ ရိုဟင်ဂျာဒုက္ခသည်ကိုမျိုးသန့်က သူတို့ကို ကျွန်းကိုပို့မယ့်အစီအစဉ်ကို ကြားသိရချိန် ဒုက္ခသည်တွေအနေနဲ့ ဘယ်သူမှ မသွားလိုကြဘူးလို့ အခုလိုပြောပြပါတယ်။

"အဲဒီဘက်ကို ထားမယ်ဆိုရင် အန္တရာယ်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီကျွန်းက ရေများရင် ရေလွှမ်းနိုင်တဲ့ ကျွန်းမျိုးဖြစ်တယ်လို့ ကျနော်တို့ကြားဖူးပါတယ်။ ဒုက္ခသည်တွေကိုပြောင်းရွှေ့ရင် အန္တရာယ်ရှိနိုင်တယ် ။ အဲဒါကြောင့်မို့လို့ ဒုက္ခသည်တွေက အဲဒီကျွန်းကို ပြောင်းရွေ့နေထိုင်ဖို့ ဆန္ဒမရှိပါဘူး။ အဲဒီဘက်ကို သွားမယ်ဆိုရင် အဆက်အသွက်ခက်တာက တကယ်ကို သွားရေးလာရေးပေါ့နော် အများကြီး အခက်ခဲနိုင်တယ်။ ဒါကြောင့် ခုနကပြောသလိုပဲ အန္တရာယ်ရှိနိုင်တဲ့ ကျွန်းမျိုးဖြစ်တယ်။ အဆက်အသွယ်၊ သွားလာရေးက တကယ် အခက်အခဲဖြစ်နိုင်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ဦးမောင်မောင်ကလည်း သူတို့ကို အဲ့ဒီ့ကျွန်းကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အတင်းအကျပ်ပို့ဆောင်မှာကို စိုးရိမ်နေကြပြီး သူတို့မသွားချင်ကြတဲ့အကြောင်း စခန်းတာဝန်ရှိသူတွေနဲ့ ကုလအဖွဲ့အစည်းတွေကို ပြောဆိုထားကြတယ်လို့ ပြောပြပါတယ်။

"အဲဒီနေရာကို ပြောင်းရွှေ့ရမှာဆိုတော့ ကျနော်တို့မသွားဘူး အဲဒီနေရာမှာက ဘဝအာမခံချက် လည်းမရှိဘူး။ ကျနော်တို့ သွားလာဖို့လမ်းလည်းမရှိဘူး အဲဒါကြောင့် အဲဒီကျွန်းကတော့ လူနေတဲ့ကျွန်းလည်းမဟုတ်ပါဘူး။ ဆိုတော့ ဒုက္ခသည်တွေကတော့ အဲဒီကျွန်းကိုပြောင်းဖို့အတွက် လောလောဆည် သဘောထားတွေမရှိဘူး။ အဲဒါမှာ ဘဝအာမခံချက် လည်းမရှိဘူး။ အဲဒီမှာ သွားလာခွင့်မရှိဘူး အဲဒီကျွန်းပေါ်မှာ ကျနော်တို့ ဘယ်လို သွားနိုင်မှာလဲ။ ကျနော်တို့ကတော့ လောလောဆည် မသွားချင်တဲ့သဘောကတော့ ဒီရှိတဲ့လူတွေအားလုံးတော့ များတယ်။ များတယ်ဆိုပြီး နေရာတခုချပေးမယ်ဆိုရင်တော့ အဲဒီကျွန်းပေါ်မှာ သူတို့ နေရာတွေ အစီအစဉ်တွေလုပ်ထားတာ တွေ့ရတယ်။ ကျနေ်ာတို့ တကြိမ် ၂ ကြိမ်ကန့်ကွက်တာလည်းရှိပြီ ဒါပေမယ့် သူတို့စီက အကြောင်းကြားတာတွေ ဘာမှ တိတိကျကျ မရရှိသေးပါဘူး အခုထိ။"

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရဘက်ကတော့ မူဆလင်ဒုက္ခသည်တွေအဖြစ် သုံးနှုန်းပြီး ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်တဲ့ သိန်းချီတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။

လတ်တလောမှာတော့ မုတ်သုံမိုးရာသီမှာ ရာသီဥတုဆိုးဝါးလွန်းတဲ့အနေအထားကြောင့် တောင်ကုန်းတွေပေါ်နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေအတွင်း မြေပြိုကျပြီး ဒုက္ခသည်တွေနေထိုင်ရာတဲတချို့ ပျက်စိးမှုတွေရှိနေတာကြောင့် မိုးဒဏ်လေဒဏ်ခံနိုင်အောင် ယာယီ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေ ခိုင်ခံတဲ့အဆောက်အဦးတွေဆောက်ပေးနေရဆဲဖြစ်ပြီး အမိုး အကာတွေအရေးတကြီးလိုအပ်ပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်နေရဆဲဖြစ်ပြီး တကယ်လို့များ မိုးကုန်လို့ ကျွန်းပေါ်ကို ရွှေ့ပြောင်းလိုက်မယ်ဆိုရင် အခြေအနေဟာ ဒီ့ထက်ပိုစိုးရိမ်စရာအနေအထားဖြစ်သွားနိုင်တယ်ဆိုပြီးလည်း ဒုက္ခသည်တွေဘက်က စိတ်ပူပင်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG