သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အရေးဆောင်ရွက်မှုအပေါ် အလှူ့ရှင် George Soros သြဇာ မသက်ရောက်ဟု HRW ငြင်း


HRW အာရှရေးရာအမှုဆောင်ညွှန်ကြားရေးမှူး Brad Adams
HRW အာရှရေးရာအမှုဆောင်ညွှန်ကြားရေးမှူး Brad Adams

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ဟာ အမေရိကန်သူဌေးကြီး George Soros ဆီက အလှုငွေတွေ ဒေါ်လာသန်း ၁၀၀ မကြာခင်က လက်ခံရရှိခဲ့တာမှန်ပေမဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့နေရာမှာ မစ္စတာ Soros ရဲ့ သြဇာ ခံယူခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေကို လ့လာနေသူတဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား Rick Heizman က Human Rights Watch အဖွဲ့ဟာ တဖက်သတ်ဖေါ်ပြနေတဲ့ အဖွဲ့ ဖြစ်ပြီး George Soros ဆီက ငွေတွေ အမြောက်အများ လက်ခံထားတယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း အခုလို တုံ့ပြန်လာတာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သတင်းမီဒီယာမျက်နှာဖုံးရဲ့နောက်ကွယ်က တိမ်မြုပ်နေတဲ့ ရခိုင်ဒေသရဲ့ အမှန်တကယ်အခြေအနေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်အခြေစိုက် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ ဆွေးနွေးဟောပြောပွဲ တခုကို နိုဗိုတလ် ဟိုတယ်မှာ မနေ့ ကကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာ နေသူ တဦးဖြစ်တဲ့ အမေရိကန် နိုင်ငံသား Rick Heizman က ပင်တိုင်ဆွေးနွေးသူတဦး ဖြစ်ပါတယ်။

“Human Rights Watchအဖွဲ့က တဘက်သတ်တင်ပြတဲ့နေရာမှာ တော်တော်ဆိုးပါတယ်။ ဒီအဖွဲ့က တင်ပြတဲ့ အစီရင်ခံစာတွေကို ခင်ဗျားတို့ဖတ်ကြည့်မယ်ဆိုရင် ရခိုင်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဘာမှ သိရမှာမဟုတ်ပါဘူး။ ဘင်္ဂါလီ အစ္စလာမ် အကြမ်းဘက်အဖွဲ့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကိုလည်း ဒီအဖွဲ့က ဘာမှမလုပ်တာကို ခင်ဗျားတို့တွေ့ပါလိမ့်မယ်။”

Human Rights Watch အဖွဲ့က အခုလိုတဖက်သတ် ဘက်လိုက်ပြီးဖေါ်ပြနေရတာက အမေရိကန် သူဌေးကြီး George Soros ဆီက ငွေတွေအကြီးအကျယ်ရထားတာကြောင့်လို့ Rick Heizman က ဆိုပါတယ်။

“ဒီလိုတဘက်သတ်အစီရင်ခံစာတွေဘာကြောင့်ထွက်လာရသလဲဆိုရင် ကျနော့်အထင်တော့ အဓိက အချက်က ငွေ ကြောင့်ပဲဖြစ်ပါလိမ့်မယ်။ Human Rights Watch အဖွဲ့ရဲ့သမိုင်းမှာ အကြီးမားဆုံး အလှူငွေပမာဏ မကြာခင်ကပဲ ရထားပါတယ်။ ဂျော့ချ်ဆိုးရိုစ်ဆီက ဒေါ်လာသန်းတရာ လက်ခံထားတာပါ။”

Human Rights Watch အဖွဲ့ဟာ ဆော်ဒီအာရေးဗျနိုင်ငံကလည်း ငွေတွေလက်ခံထားတယ်လို့ Rick Heizman က စွပ်စွဲ ထားတာပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး Human Rights Watch အဖွဲ့ရဲ့ တုံ့ပြန် ချက်ကို သိနိုင်အောင် Human Rights Watch အာရှရေးရာအမှုဆောင်ညွှန်ကြားရေးမှူး Brad Adams ကို ကျနော်ဆက်သွယ်ခဲ့ပါတယ်။ သူကတော့ George Soros ဆီက အလှူငွေ လက်ခံတယ် ဆိုတာမှန်ပေမဲ့ ဆော်ဒီအာရေးဗျက ငွေတွေ ရတယ်ဆိုတာတော့ မဟုတ်ဘူးလို့ဆိုပါ တယ်။

“George Soros နဲ့ တခြား အစိုးရနဲ့ကင်းလွတ်တဲ့ သူတွေဆီက အလှူငွေတွေကို ကျနော်တို့ လိုလို လားလား လက်ခံပါ တယ်။ အစိုးရတွေဆီကတော့ ကျနော်တို့ ငွေတွေလက်မခံပါဘူး။ ဆော်ဒီ အာရေးဗျနိုင်ငံက ငွေတွေ ကျနော်တို့ လက်ခံ တယ်လို့ပြောတယ်ဆိုရင်တော့ ဒါမမှန်ပါဘူး။ ကမ္ဘာ တဝှမ်းက ဘယ်အစိုးရရဲ့ငွေကိုမှ ကျနော်တို့ လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အဖွဲ့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခု၊ သီးသန့်အဖြစ် အမြဲရပ်တည်နိုင်ဖို့ပဲ ကြိုးစားပါတယ်။ အချက်အလက်တွေအပေါ်မှာပဲ ကျနော်တို့ အာရုံစိုက်ပါ တယ်။ ကျနော်တို့ရှာတွေ့တဲ့အချက်တွေကို အစီရင် ခံစာအဖြစ်ကျနော်တို့တင်ပြတဲ့အခါမှာ ဘယ်သူ ဘယ်ဝါ၊ ဘယ်အစိုးရ၊ ဘယ်အလှူရှင်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ မပါဘဲ တင်ပြပါတယ်။”

Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာတွေထဲမှာ အလှူရှင်တွေရဲ့ လွှမ်းမိုးမှုတွေမပါဝင်ဘူးလို့ လည်း Brad Adams ကဆက်ပြောပါတယ်။

“လူ့အခွင့်အရေးတွေတိုးတက်အားကောင်းလာစေချင်တဲ့ အလှူရှင်တွေဆီကနေ ကျနော်တို့ အလှုငွေ တွေ လက်ခံပါတယ်။ George Sorosအပါအဝင် အလှူရှင်တွေက ဘာကိုလုပ်ပါဆိုတာမျိုးနဲ့ လွှမ်းမိုး ချယ်လှယ် တာမျိုး ကျနော်တို့မခံပါဘူး။ ကိုယ့်ရဲ့ အလုပ်ကိုယ်ပဲ လုပ်ပါတယ်။ သြဇာလွှမ်းမိုးမှုမပါဘဲ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းပါ။ ရိုဟင်ဂျာနဲ့ပတ်သက် ပြီး ကျနော်တို့လုပ်လာတာ နှစ်တွေ အတော်ကြာပါပြီ။ ဒေါ်လာသန်းတရာ ပေးမယ်လို့ မကြေညာခင် လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ် လောက် ကတည်းက ရိုဟင်ဂျာအရေးကို ကျနော်တို့ လုပ်လာတာပါ။”

အမေရိကန်သူဌေးကြီး George Sorosဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်း တချို့ကိုလည်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ဖူးသူဖြစ်ပြီး ဒုတိယကမ္ဘာ့စစ်အတွင်းက နာဇီတွေ နှိပ်စက်ခဲ့တဲ့ ဂျူးအကျဉ်း သား တွေရဲ့ဘဝနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။သူဟာ မြန်မာ့ဒီမိုကရေစီရေး အတွက်လည်း အားပေးထောက်ခံနေသူတဦး ဖြစ်ပါတယ်။ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ကတော့ သူတို့အဖွဲ့ကို ဝေဖန်နေသူတွေက သူတို့အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မှားတာတွေရှိရင် ပြပါလို့လည်းဆိုပါတယ်။

“ကျနော်တို့အဖွဲ့ကတင်ပြတဲ့အချက်အလက်တွေထဲမှာ သဘောမတူနိုင်တာတွေ၊ မှားယွင်းဖေါ်ပြ ထားတယ်လို့ ပြောချင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ဘယ်ဟာမှားတယ်ဆိုတာကို ထောက်ပြဖို့ လိုပါတယ်။ ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံခဲ့ရ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရှာဖွေတင် ပြထားတဲ့ အချက် အလက်တွေက မှန်ကန်တယ်ဆိုတာ ကျနော့်ဘက်က သေချာပါတယ်။”

Rick Heizman က Human Rights Watch အဖွဲ့ဟာ George Soros ဆီက ငွေတွေလက်ခံတယ် ဆိုပြီး ဝေဖန် နေတယ်ဆို ရင် သူဟာ NLD အစိုးရကိုလည်း တိုက်ရိုက်ဝေဖန်နေတဲ့သဘောပဲလို့ Human Rights Watch အဖွဲ့ရဲ့ Brad Adams က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ နိုင်ငံရေးအကျဉ်းသားဘဝဖြစ်ခဲ့စဉ်ကတည်းက အမေရိကန် သူဌေးကြီး George Soros က အားပေးကူညီ လာခဲ့တာ ဖြစ်ပြီး အခု NLD အစိုးရရဲ့လုပ်ဆောင်ချက် တချို့ကိုလည်း အကူအညီဆက်ပေးနေတာကြောင့်ပဲလို့ Human Rights Watch အဖွဲ့က တုံ့ပြန်ပါ တယ်။ သူတို့အဖွဲ့ အနေနဲ့ George Soros ဆီက အလှူငွေ လက်ခံ ထားတဲ့ ကိစ္စဟာလည်း လျှို့ဝှက် ထားတာမဟုတ်ဘဲ သူတို့ရဲ့ အင်တာနက် ဝဘ်ဆိုဒ်မှာ ထင်ထင်ရှားရှား ဖေါ်ပြထားတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာအမှုဆောင်ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG