သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်ခွင့်ပေးမှု မြေပုံမှာ ကန့်ကွက်မှုတွေရှိ


စစ်တွေမြို့မြောက်ဘက် ဒါပိုင်မူဆလင်ဒုက္ခသည်စခန်း။
စစ်တွေမြို့မြောက်ဘက် ဒါပိုင်မူဆလင်ဒုက္ခသည်စခန်း။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ရိုဟင်ဂျာမူဆလင်တွေထဲက အယောက် ၄၀ ကို မနေ့က မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အပေါ်မှာ ရခိုင်လူမျိုးတွေဘက်က ကန့်ကွက်တာတွေ ရှိနေပါတယ်။

အခုလို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့နေရာမှာ ဘင်္ဂါလီဆိုတဲ့ လူမျိုးနာမည်နဲ့ပေးတဲ့အပေါ်မှာ မူဆလင်လွှတ်တော် ကိုယ်စားလှယ်တဦးက ဝေဖန်လိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေ တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့က မြေပုံမှာ နေထိုင်ကြတဲ့ မူဆလင်အချို့ကို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့အပေါ်မှာ ဒေသခံ ရခိုင်လူမျိုးတွေဘက်က ကန့်ကွက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီ ၄၀ ကျော်ကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး တခါတည်း ကျမ်းသစ္စာ ကျိန်ဆိုမှုတွေပါ လုပ်ခဲ့တာပါ။ အခုလို အစိုးရဘက်က ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကို မြန်မာနိုင်ငံအတွင်းမှာ မူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးနေပြီဆိုတဲ့ ရုပ်ပြသဘောဆန်ဆန် လုပ်ဆောင်တာဖြစ်တယ်လို့ မြေပုံမြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်တဦးက ပြောပါတယ်။

ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက အခုလို ဆောင်ရွက်မှုတွေကို အခြားဒေသခံတွေကလည်း ကန့်ကွက်မှုတွေ လုပ်လာနိုင်တယ်လို့ ရှုမြင်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။

“တဘက်မှာက ဒါ မြေပုံမြို့နယ်တခုတည်းကိုပဲ လုပ်တဲ့အချိန်အခါမှာ ရခိုင်တပြည်နယ်လုံး ပြဿနာနဲ့ မြေပုံမြို့နယ်ရဲ့ လူဦးရေက နည်းနည်းလေးပဲ ရှိတဲ့အခါမှာ သူတို့က ဇောင်းပေးပြီးတော့ပေါ့လေ ကျနော်တို့က နိုင်ငံရေးပယောဂ မကင်းဘူးလို့ ယူဆတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့် ဒီအောက်တိုဘာမှာလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး စမှာဆိုတော့ အဲ့ဒီဘက်မှာ ဒီပြဿနာတွေကို နိုင်ငံသားပေးနေပါပြီ ဘင်္ဂါလီဆိုတဲ့ ပြဿနာကို အလျှင်စလို လုပ်လိုက်တာလားပေါ့လေ တလလောက် အတောအတွင်းမှာ ဗဟိုက ဒီလူတွေကို နိုင်ငံသားအဖြစ် ချပေးလိုက်တယ်ဆိုတော့ အဲ့ဒီအပေါ်မှာ သိပ်ပြီးတော့ မြန်ဆန်လွန်းတယ်ပေါ့။ အရင်တုန်းကတော့ ၅ နှစ် ၁၀ နှစ်ကြာတာတောင် နိုင်ငံသားလျှောက်တာ မရခဲ့ဘူးလေ။ အခုကျတော့ အဲ့ဒီလို နိုင်ငံရေးပယောဂတွေ ပါတယ်။”

နေပြည်တော် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ အရာရှိတဦးကတော့ အခုလို နိုင်ငံသားလက်မှတ် ထုတ်ပေးတာဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တောင်းဆိုချက်အရ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဟို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မေးတာ ကောင်းမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီမှာရှိတာ အဲ့ဒီဟာကို သွားပြီးတော့ ပေးတာတို့၊ ပြုတာတို့ လုပ်တဲ့ဥစ္စာက ကျနော်တို့ဘက်က ဥပဒေကြောင်းအရ လုပ်ပေးလိုက်တာပဲရှိတယ်။ ဟိုဘက်က ပေးတာပြုတာလုပ်တဲ့အပိုင်းကတော့ အဲ့ဒီဥစ္စာကျတော့ ရခိုင်ပြည်နယ်အစိုးရကပဲ အစအဆုံး လုပ်သွားတာ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မေးမြန်းတဲ့နေရာမှာတော့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ မနေ့တုန်းကတော့ ဒီလို နိုင်ငံသားဖြစ်ခွင့် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းကိုယ်တိုင် တက်ရောက်ဖို့ရှိခဲ့ပေမဲ့ ဒေသခံတွေက နေအိမ်တွေ၊ ဆိုင်တွေ ပိတ်ပြီးတော့ ကန့်ကွက်ခဲ့တာကြောင့် ဝန်ကြီးချုပ် အခမ်းအနားကို လာရောက်ခြင်း မရှိခဲ့ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

မြေပုံမှာရှိတဲ့ မူဆလင်တွေထဲက ၄၀ ကျော်ကို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့အပေါ်မှာ ဘင်္ဂါလီ ဆိုတဲ့ လူမျိုးအမည်နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတာဟာ မဖြစ်သင့်ဘူးလို့ မူဆလင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်း က ပြောပါတယ်။

“အဲ ဘင်္ဂါလီလို့ ပြောမှ ပေးမယ်ဆိုကတည်းက ကျနော်ထင်ပါတယ် အဲ့ဒီကတည်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းက လွဲနေပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လူမျိုးဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ ကာယကံရှင်က ပြောတဲ့ဟာပဲလုပ်ရမယ်။ အခုက ဘင်္ဂါလီဖြစ်မှ နိုင်ငံသားပေးမယ်လို့ ပြောလိုက်တော့ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရသေးတဲ့သူတွေကို ဒါက ဘယ်လိုပြောမလဲ ကျနော်တို့ ဒီ နိုင်ငံရေးအရ အကြပ်ကိုင်သလို ဖြစ်သွားတယ်။ ဆိုတော့ ဒီမြေပုံက လူတွေကလည်း ကျနော် လေ့လာမိသလောက် သူတို့ကလည်း တောင်ပေါ်စခန်းမှာ ပိတ်မိနေတော့ ဟိုဘက်လည်းသွားလို့မရ၊ ဒီဘက်လည်း သွားလို့မရ၊ အခြေအနေက အဲ့ဒီလိုဖြစ်နေတယ်ဗျ။”

ဒါပေမဲ့ တဘက်မှာတော့ ရခိုင်ပြည်နယ် မြေပုံ ဒေသခံတဦးလည်းဖြစ်၊ မြေပုံမြို့နယ် ရခိုင်အမျိုးသမီးကွန်ယက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်ခင်သိန်းကတော့ သူတို့ကို နိုင်ငံသားမပေးသင့်ဘူးလို့ အခုလို သုံးသပ်ပါတယ်။

“အခုလက်ရှိမှာ ဖြစ်နေတာက သူတို့ကို နိုင်ငံသား အယောက် ၄၀ ဖြစ်ခွင့်ပေးလိုက်တာပေါ့နော်။ ပြုနိုင်ငံသားက ၁၆၉ ယောက် သူတို့မှာ မွေးထားတဲ့ သားသမီးတွေက ၃၀၀ ကျော်တယ်ရှင့်။ အဲ့ဒါ ပထမပေးလိုက်တဲ့ စာရင်းဇယားအရဆိုရင် သူတို့ ၁၄ ယောက်ပဲကျန်တယ်လို့ ပြောတယ်၊ မဖြစ်တဲ့သူတွေ၊ အားလုံး အကုန်လုံးတော့ မတိုက်စစ်ရသေးဘူး။ အကုန်လုံးသာပေးမယ်ဆိုရင် တရွာလုံးဖြစ်သွားနိုင်တယ်။ အဲ့ဒါကို မကျေနပ်ပါဘူး။”

မြေပုံမြို့နယ်မှာရှိတဲ့ မူဆလင်တွေထဲက နိုင်ငံသား စိစစ်ပေးဖို့ လျောက်လွှာတင်ခဲ့သူဟာ တစ်ထောင်ကျော်ရှိပြီးတော့ အဲဒီထဲကမှ အယောက် ၄၀ ကို နိုင်ငံသားဖြစ်ခွင့်နဲ့ ၁၆၉ ဦးကို နိုင်ငံသားပြုခွင့် ပေးခဲ့တာပါ။ တချိန်တည်းမှာပဲ မနေ့တုန်းက ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်မောင်အုန်းက ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆရာတော်၊ သံဃာတော်အချို့နဲ့ စစ်တွေမှာ အစည်းဝေးတရပ် ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG