သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအပေါ် မူဆလင်ညွန့်ပေါင်း တရားစွဲမှု အမေရိကန်တုံ့ပြန်


(Credit: C-SPAN.Org Public Affairs‎)
(Credit: C-SPAN.Org Public Affairs‎)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ မူဆလင်လူနည်းစုတွေကို ပစ်မှတ်ထားပြီး လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ မူဝါဒ ချမှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေကို အမေရိကန်ဗဟိုတရားရုံးက ဆင့်ခေါ်နိုင်ဖို့ နယူးယောက်အခြေစိုက် Burma Task Force Coalition နဲ့ Justice for All အဖွဲ့လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မူဆလင် ၁၉ ဖွဲ့ပါတဲ့ မူဆလင်ညွန့်ပေါင်းအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင် တရားရုံးမှာ လျှောက်လဲချက် တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“ဗဟိုအစိုးရ တရားရုံးတွေရဲ့ အရေးယူ ဆောင်ရွက်ချက်တွေဟာ အစိုးရပိုင်းနဲ့ သီးခြားစီဖြစ်ပြီး အခုလို စွဲချက်တင်တာဟာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီနဲ့ ဘယ်လိုမှ ပတ်သက်ခြင်း မရှိတဲ့အကြောင်း” - နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ဗုဒ္ဓဟူးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း တုံ့ပြန်သွားပါတယ်။

ဒါကြောင့်လည်း ပေါ်လစီအရ ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေအပေါ် ကောက်ချက်ချ ပြောကြားခြင်း ပြုမှာမဟုတ်ဘဲ အမှုလျှောက်ထားတဲ့ အဖွဲ့အစည်းကိုသာ အသေးစိတ် အချက်အလက်တွေ သိလိုရင် မေးမြန်းဖို့ တုံ့ပြန်လိုက်ပါတယ်။

တချိန်ထဲမှာပဲ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့အကြောင်းလည်း အမေရိကန်က ဆက်လက်ပြီး အလေးပေး တိုက်တွန်းကြောင်း John Kirby က ပြောကြားသွားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွေမတိုင်ခင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ပြောခွင့်ရပုဂ္ဂိုလ် Kirby က အမေရိကန် ပြည်ထောင်စုအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲများ ကျင်းပတာကို မြင်လိုတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းကိုလည်း အမေရိကန်က ကြိမ်ဖန်များစွာ အသိပေး ပြောကြားခဲ့သလို ဆက်လက်ပြီးလည်း ရှင်းလင်း ပြတ်သားစွာ ပြောကြားသွားလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာ Kirby က သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေဟာ အမေရိကန် လက်အောက်ခံ မဟုတ်တဲ့အတွက် တရားရုံးရဲ့ ဆင့်ခေါ်ချက်ကို တုံ့ပြန်စရာမလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးစု ၂ ခုအကြား ဖြစ်နေတဲ့ ပြဿနာအားလုံးကို ဥပဒေနဲ့အညီ ဖြေရှင်းနေကြောင်း၊ ဥပဒေချိုးဖောက်သူ ၂ ဘက်စလုံးက လူတွေကို အပြစ်ပေးကြောင်း၊ ဒါကြောင့် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စကို ပယ်ချကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

XS
SM
MD
LG