သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်မြောက်ပိုင်းဒေသခံများ ရပ်တည်နေထိုင်ရေး အာဏာပိုင်များကူညီနေ


လှေစီးပြေးဒုက္ခသည်များ
လှေစီးပြေးဒုက္ခသည်များ

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ စားဝတ်နေရေးနဲ့ လုံခြုံရေးစိုးရိမ်ရလို့ အခုအချိန်အထိ ဒုက္ခသည်အချိ့ ရေလမ်း၊ကုန်းလမ်းတွေကနေ ထွက်ခွာနေဆဲဖြစ်ပေမဲ့လို့ မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်နယ်တွင်းနေထိုင်သူတွေ နေ့စဉ်လူနေမှုဘဝ အဆင်ပြေအောင် နည်းလမ်းမျိုးစုံနဲ့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ကပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေပြန်လည်လက်ခံရေး၊ လူသားချင်းစာနာမှုအကူညီပေးရေးနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် နဲ့နိုင်ငံသားဖြစ်မှုစိစစ်ရေးတွေကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေအတိုင်း လက်တွေ့ အကောင်ထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်နဲ့ လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းမှုတွေအတွင်း ဒုက္ခသည်ပေါင်းခြောက်သိန်းကျော်လောက်ဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက်ကို အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်သွားကြသလို အခုလိုပွင့်လင်းရာသီဖြစ်တဲ့ နွေရာသီရောက်လာတဲ့အချိန်မှာလည်း ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပင်လယ်ရေကြောင်းကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေဆီကို လှေစီးပြေး-တိမ်းရှောင်ကြတာတွေ စတွေ့နေရပြီ။

မြန်မာနိုင်ငံဘက်ခြမ်းကနေ စီးပွားရေး၊ လူမှုရေး အဆင်မပြေမှု လုံခြုံရေး အကြောင်းပြချက်တွေနဲ့ ထွက်ခွာနေကြဆဲဒုက္ခသည်တွေနဲ့ပတ်သက်လို့ သူတို့ရဲ့နေရပ်ရင်းမှာပဲ စားဝတ်နေရေးနဲ့ နေ့စဉ်အသက်မွေးကျောင်းလုပ်ငန်းတွေ အဆင်ပြေပြေဆောင်ရွက်နိုင်ရေး အစိုးရတာဝန်ရှိသူတွေဘက်ကတော့ ကြိုးစားဆောင်ရွက်နေကြပါတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

" အဓိက သူတို့ဘက် အခက်အခဲကို ကျနော်တို့သဘောပေါက်တယ် စာနာတယ်။ လုပ်ကိုင်စားသောက်ဖို့အတွက်ကို ခက်ခဲသွားတဲ့အကြောင်းပေါ့။ များပြားသောလူအုပ်စုကြီးက ထွက်ခွာသွားကြပြီး မရှိကြတော့တဲ့အခါမှာ အချင်းချင်း ပုံမှန်ရောင်းဝယ်ဖောက်ကားမှုတို့ အပြန်အလှန် ဆက်သွယ်မှုတို့ဆိုတာ လျော့သွားပြီပေါ့။ ဒါ လွယ်လွယ်လေးပဲ စဉ်းစားကြည့်လိုက်ရင်လည်း မှန်တယ် သူတို့ပြောတာလည်း။ အဲ့တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသွားတယ်။ ရောင်းဝယ်ဖောက်ကားဖို့အတွက်လည်း ခက်သွားတယ်ဆိုတဲ့ အနေအထားတွေမှာ သူတို့တွေက မထူးတော့ဘူး အများကြီးလည်း ဟိုဘက်ကိုရောက်သွားကြပြီဆိုပြီးတော့ အဲ့လိုတွေ ထွက်သွားကြတာပေါ့။ ထွက်သွားကြရင်းနဲ့ တချို့လည်း စားရိတ်မရှိလို့ ဒုက္ခရောက်တယ်လို့ ကျနော်တို့ကြားတာပေါ့။ အဲ့တာမျိုးကြားတော့ သူတို့လည်း ဒီလိုဒုက္ခတွေဖြစ်နေတယ်လို့ယူဆတယ်။

အဲ့တော့ ကျနော်တို့ကတော့ မထွက်ဖို့အတွက် ဒီမှာပဲ နေဖို့ ကျနော်တို့ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ပြည့်စုံအောင် ကျနော်တို့ပေးဖို့ ဆောင်ရွက်နေတာလေ ဒါကြောင့်မို့လို့လည်း။ အခု လိုအပ်ချက်တွေကို လိုက်ပြီးတော့ စစ်ဆေးနေတယ်။ အခု ကျနော်တို့ပေးနေတဲ့ လူသားချင်းစာနာမှုအကူညီတွေ အကုန်လုံးပေးနိုင်ဖို့ ဘာတွေလိုသေးလဲ။ အဲ့တာမျိုး အဲ့တာတွေ ပေးနေရုံနဲ့လည်း မလုံလောက်ဘူး။လူဆိုတာ နေ့စဉ်ဝင်ငွေရှိမှရမယ်။ ရပ်တည်လို့ရမှာ။ အဓိက အခြေခံလိုအပ်ချက်ကိုပေးပေမဲ့ လိုအပ်ချက်တွေကရှိဦးမှာပဲ။ နေ့စဉ်ဝင်ငွေရရှိဖို့ ကျနော်တို့က ဘယ်လိုဖန်တီးပေးမလဲ ဒီမှာ ငါးမွေးဖို့ဘယ်လိုလုပ်ပေးမလဲ တောတောင်တက်လို့ရအောင် ဘယ်လိုလုပ်ပေးမလဲ။ ဥပမာအားဖြင့် ညမထွက်ရ ကာဖျူးဆိုရင် ညမထွက်ရဆိုတဲ့ဟာကို တပတ်ကိုသုံးရက် ညကို ငါးထွက်ဖမ်းလို့ရအောင် တောင်ပေါ်တက်လို့ရအောင် လုပ်ပေးနေပါတယ်။"

အထူးသဖြင့်ကတော့ နေရပ်ရင်းကနေတိမ်းရှောင်သွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ လူသားချင်းစာနာမှုအကူညီတွေ ထောက်ပံ့ပေးနိုင်ရေး၊ ရေရှည်လူမှုဘဝရပ်တည်နိုင်ရေးတွေအတွက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်လို့လည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ပြန်လည်လက်ခံရေးကိစ္စမှာ စားဝတ်နေရေးအတွက်ရော နေ့စဉ်လူနေမှုဘဝတွေအတွက်ရော ပညာရေး၊ ကျမ်းမာရေး အကုန်ရနိုင်အောင် လုပ်ပေးနိုင်ရင် ပြန်လာတဲ့သူတွေအတွက်လည်း ပိုပြီးတော့ ယုံကြည်မှုခိုင်မာနိုင်မယ်။ ဒါကိုလည်း ကျနော်တို့ ကြိမ်ချောင်းတောင်မှာ လုပ်နေတယ်။ အိမ်တရာဆောက်နေတယ် ဆောက်လက်စဖြစ်နေပြီ။ အဲ့မှာလည်း လယ်ယာလုပ်ငန်း တောင်တက်လုပ်ငန်း နဂိုလုပ်ငန်းတွေအတိုင်း ပြန်ဖြစ်အောင် ဆိုပြီးတော့ စီစဉ်ဆောင်ရွက်တာတွေရှိနေတယ်။ national verification process ကို မြန်ဆန်အောင် တကယ်ကို အကောင်အထည်ဖော်နေတယ်။ အခုဆိုရင် မောင်တောမှာ NVC ကိုင်ဆောင်သူပေါ့နော် မကိုင်ဆောင်ရင်တော့ ကျနော်တို့က အာမခံလို့မရဘူးပေ့ါနော် ကိုင်ဆောင်ထားတဲ့သူက လွတ်လပ်စွာ သွားလာနေတာပဲ။ အခုလည်း သွားလာပြီးရောင်းဝယ်ဖောက်ကားနေကြတယ်။ ဒါအတွက်ကိုလည်း လုံခြုံရေးလည်း ပေးထားတယ်လေ။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတဲ့အခါနဲ့ တဆက်တည်းမှာလည်း ရေရှည်ပဋိပက္ခကင်းဝေးရေးဆိုတာပါတယ်လေ။ အခု ရခိုင်လွှတ်တော်ဆို ကျနော်တို့သွားတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ရော မူဆလင်နဲ့ရော ဆွေးနွေးမှုတွေ အမြဲတမ်းလုပ်နေတယ်။"

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့တွေ အကူညီတွေကိုလွတ်လပ်စွာပေးနိုင်ရေး နိုင်ငံတကာ သတင်းမီဒီယာတွေ လွတ်လပ်စွာ လေ့လာနိုင်ရေးကိစ္စတွေကိုလည်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ဒေါက်တာဝင်းမြတ်အေးကရှင်းပြပါတယ်။

"Humanitarian access နဲ့ ပတ်သက်လို့ ကျနော်တို့လည်း ထိထိရောက်ရောက်လုပ်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အစကတည်းက ဒါကို ဦးစားပေးပြီးတော့ UEHRD ရဲ့ နံပတ်တစ် ရည်ရွယ်ချက်က အဲ့တာပဲလေ။ Humanitarian assistance ကို Community နှစ်ဘက်စလုံးမှာ မျှမျှတတရအောင် ပေးမယ်။ Cover ဖြစ်အောင် လုပ်မယ်ဆိုတဲ့အတိုင်း လုပ်နေပါတယ်။ နောက် UN ရဲ့ Involvement ပေါ့နော် ဒါလည်း ကျနော်တို့ လုပ်နေပြီ။ UNHCR နဲ့ UNDP ပေါ့။ အဓိကကတော့UNDP ရဲ့ ဆောင်ရွက်ချက်တွေမှာUNHCR လည်းပါမယ်။ UNHCR နဲ့ UNDP နဲ့ ကျနော်တို့အစိုးရနဲ့ ပူးပေါင်းပြီးတော့သုံးပွင့်ဆိုင် MOU သဘောတူညီချက်တွေ ယူနေပြီ။ အကြမ်းတော့ပြီးသွားပြီ အခုအချောလုပ်နေတယ်။ ပြီးသွားရင် မကြာခင်လက်မှတ်ထိုးမယ်။ ထိုးပြီးရင် Process စမယ်။ နောက် Repatriation Process နဲ့ Development အတွက်ပါ ကျနော်တို့လုပ်နေတဲ့လုပ်ငန်းတွေမှာ UN ရဲ့ Involvement ပါဝင်ပတ်သက်မှုတွေပေါ့နော်။"

ဒီကနေ့ ဧပြီလ ၂ရက်နေ့ကစပြီး ဧပြီလ ၈ရက်နေ့အထိ လူသားချင်းစာနာမှုအကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။ သူ့ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေပေးနေတဲ့အဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ လူသားချင်းစာနာမှုအကူညီတွေ အရေးတကြီး လိုအပ်နေတဲ့ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေ တွေကို လေ့လာဖို့အပါအဝင် စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွင်းကအခြေအနေတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG