သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးရောက် ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ပြီးဆုံး


From the international conference on Rohingya and Myanmar security taking place in New York City, February 8, 2019 (Photo- Maung Zarni's Facebook)
From the international conference on Rohingya and Myanmar security taking place in New York City, February 8, 2019 (Photo- Maung Zarni's Facebook)

နယူးရောက် နာမည်ကြီး ကိုလံဘီယာ တက္ကသိုလ်မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံတွင်း လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု ကျူးလွန်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းသပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၈-၉ ရက်နှစ်ရက်ကြာကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲက နိုင်ငံတကာမှာ ဘယ်လိုထိရောက်မှုတွေရှိနေလဲ၊ ရှေ့ဆက် ဘာတွေလုပ်ဆောင်သွားမလဲဆိုတာ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ ကိုလံဘီယာတက္ကသိုလ်ကနေ ကမကထ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး နိုင်ငံတကာဆွေးနွေးပွဲကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူး Radhika Coomaraswamy ကိုယ်တိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီကလည်း ဗွီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါတယ်။

Newyork Columbia rohingya conference
Newyork Columbia rohingya conference

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ဒါတွေကို တားဆီးကာကွယ်နိုင်ခြင်းမရှိတဲ့အပေါ်မှာ နိုင်ငံတကာက ဘယ်လိုဖိအားပေးနိုင်လဲဆိုတဲ့ မူဝါဒရေးရာကိစ္စရပ်တွေကို ထိထိရောက်ရောက်ဆွေးနွေး အဖြေရှာနိုင်ခဲ့ကြောင်း ကိုလံဘီယာတက္ကသိုလ်နဲ့ ပူးတွဲ စီစဉ်တဲ့ Free Rohingya Coalition အဖွဲ့ရဲ့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ၊ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာ အဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့အနေနဲ့ မြင်တာကတော့ အများကြီးထိရောက်မှုရှိတယ်လို့ ထင်တယ်။ ဘာဖြစလို့လဲဆိုတော့ နိုင်ငံတကာကနေ ဘယ်လိုမျိုးပေးနိုင်မလဲဆိုတာ ကျနော်တို့ အများကြီးဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ICC ကိစ္စ ပြီးတော့ ရိုဟင်ဂျာတွေက ဘယ်လိုမှ ပြန်လို့မရဘူးဆိုတဲ့အခြေအနေတခု ဖြစ်နေတယ်ဆိုတာ။ မြန်မာပြည်မှာ ရှိနေတဲ့ ကချင်၊ ချင်း၊ ရခိုင် ရှမ်း၊ ပြီးတော့ ရခိုင်ပြည်နယ်မှာလည်း အခု ရခိုင်တိုင်းရင်းသားတွေ တော်တော်လေး သူတို့က Aid block တွေလုပ်ထားတယ် လူသားချင်းစာနာမှုထောက်ပံ့ပေးမှုတွေကို မပေးဘူး လူမျိုးရေး မုန်းတီးမှုတွေ၊ ရိုဟင်ဂျာတွေကိုဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှု ၊တခြားတိုင်းရင်းသားနယ်မြေတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကုန်လုံးအတွက် ကျနော်တို့တွေ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရတဲ့အတွက် အများကြီး အကျိုးထိရောက်မှုရှိတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်ခင်ဗျ။"

အခုလို နှစ်ရက်ကြာဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ရလာဒ်အဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာ စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရေး၊ စီးပွားရေးအရ ဒဏ်ခတ်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အဓိကအချက်တချက်အဖြစ် တက်ရောက်လာသူတွေက တညီတညွတ်တည်း ချမှတ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ ဒီလို ပိတ်ဆို့အရေးယူမှုမျိုးဟာ မြန်မာစစ်တပ်အပေါ် တကယ်ပဲ ထိရောက်မှုရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းအပေါ် ဦးထွန်ခင်ရဲ့ တုန့်ပြန်ချက်ကတော့-

"မြန်မာပြည်က အခုနိုင်ငံတကာရဲ့ Investment မရှိပဲနဲ့ ဘယ်လိုမှ ထိုးဖောက်လို့ မရဘူး။ Investment တွေလုပ်နေတာကို ကျနော်တို့ သိရမှာက အကုန်လုံး စစ်တပ်နဲ့ ပတ်သက်တဲ့ ခရိုနီတွေပဲ ဒီဟာကို ထိန်းချုပ်ပြီးတော့ ပြည်သူတွေက ဘာတခုမှ မတိုးတက်ဘူး။ အဲလိုမျိုး လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နေတဲ့ ၂၁ ရာစုမှာ အဲလို အစိုးရနဲ့ investment လုပ်ဖို့ ဆိုတာ ဒါတွေကို ပြန်လည်စဉ်းစားသင့်တယ် ဒါတွေကို ပြန်ပြီးတော့ review လုပ်ပါဆိုပြီးတော့ သူတို့ကို တိုက်တွန်းခဲ့တယ်။"

နောက်အရေးကြီးတဲ့ ဆွေးနွေးချက်တခုကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ကျူးလွန်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘဝပြန်လည်ထူထောင်ရေး ဆိုင်ရာ ကူညီပံ့ပိုးနိုင်တဲ့ လမ်းကြောင်းတွေကို ဆွေးနွေးပြီး အဖြေရှာခဲ့ကြောင်းလည်း ဦးထွန်းခင်က ဆိုပါတယ်။

"ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်ဲပြီး သူတို့ သူတို့ဘဝတွေကို မြင့်တင်ပေးဖို့ ပညာရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး အဓိက ဒါတွေကို မြှင့်တင်ပေးဖို့အတွက် နိုင်ငံတကာကို ကျနော်တို့ တစိုက်မတ်မတ် လော်ဘီ လုပ်မယ်၊ လုပ်ပြီးတော့ အဓိက ဘင်္ဂလားဒေ့ရှ်ရဲ့ Key Role ပေ့ါနော်။ ဘင်္ဂလားဒေ့ရှ်မှာ သူတို့ University တွေမှာ ကျောင်းတက်လို့ရအောင် ပြီးတော့ အဲဒီမှာ ဆေးရုံတွေ တခြားကျောင်းတွေဆောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ကျနော်တို့အနေနဲ့ ရေရှည်အတွက် Empowerment ပေ့ါနော် ရိုဟင်ဂျာတွေအတွက် ကျနော်တို့အနေနဲ့ ပြန်လည်တည်ဆောက်ပေးဖို့ သူတို့ဘ၀ နိုင်ငံတကာကနေ ထောက်ပံ့မှုတွေပေးဖို့ ကျနော်တို့အနေနဲ့ အဲဒါကို အကြီးအကျယ်ဆွေးနွေးပါတယ်။ အဲဒါကိုလည်း အကြီးအကျယလုပ်ဖို့ အများကြီး ဆန္ဒရှိပါတယ်။"

နာမည်ကြီး ကိုလံဘီယာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး နိုင်ငံတကာဆွေးနွေးပွဲကို ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ နာမည်ကြီး နိုင်ငံတကာ ဥပဒေပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ ရိုဟင်ဂျာနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေ၊ သုတေသန စာတမ်းပြုစုသူ၊ ဧည့်သည်တော် စုစုပေါင်း ၂၅၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတင်ပြဖို့ အင်ဒီးယားနားပြည်နယ်နဲ့ နယူးရောက်က လာရောက်ကြသူ တချို့ကတော့ အစည်းအဝေးတာဝန်ရှိသူတွေက သူတို့ကို တက်ရောက်ခွင့် မပေးခဲ့ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

နယူးရောက် ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ပြီးဆုံး
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG