သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဆက်ဖိနှိပ်ခံနေရကြောင်း လူ့အခွင့်အရေး မဟာမင်းကြီး ထောက်ပြ


ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein
ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် ညှမ်းပမ်းနှိပ်စက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်လက်ထွက်ပြေးလာနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein က လူ့အခွင့်အရေးကောင်စီမှာ မနေ့ ဗုဒ္ဓဟူးနေ့ က ကျင်းပတဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲအတွင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ မိန့်ခွန်းပါ အချက်အလက်တွေဟာ ပြည့်စုံမှုမရှိတဲ့အပြင် အထင်အမြင်လွဲမှားစေကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၃၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဇူလိုင်လ ၄ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စအတွက် အပြန်အလှန်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၅နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းကြီး ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့တာပါ။ အစည်းအဝေး အဖွင့်မိန့်ခွန်းအဖြစ် ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Al-Hussein က စတင်ပြောကြားရာမှာ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် ညှမ်းပမ်း ဖိနှိပ်မှုတွေရှိနေတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်နဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက်ထွက်ပြေးလာနေဆဲ ဖြစ်ပြီး အဲဒီအတွက်လည်း သူ့မှာ အထောက်အထား အချက်အလက်တွေ အခိုင်အမာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ဒီအကြမ်းဖက်ဖိနှိပ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဘယ်အကြောင်းပြပြောဆိုချက်ကမှ ဖုံးကွယ်လှည့်စားလို့မရကြောင်း Zeid Al-Hussein ကပြောပါတယ်။

“ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကနေ ဆက်လက်ပြီး ထွက်ပြေး လာနေဆဲပါ။ ၂၀၁၈ခုနှစ် ဇွန်လ အလယ်ထိ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်ပေါင်း ၁၁,၄၃၂ ထိရှိပါတယ်။ အသစ်ရောက်လာတဲ့ ဒုက္ခသည်အားလုံးနဲ့ OHCHR လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ဝန်ထမ်းတွေ တွေ့ဆုံမေးမြန်းချက်တွေအရ အကြမ်းဖက်မှုတွေ၊ ညှမ်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေနဲ့ ရိုဟင်ဂျာအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတယ်ဆိုတာ ပြသနေပါတယ်။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား တရားဝင်သဘောတူညီမှု အချက်အလက်တွေအောက်မှာ အခုချိန်ထိ ဒုက္ခသည် တဦးတယောက်မှ နေရပ်မပြန်ကြသေးကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက သတိပေး ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာဒုက္ခသည်ပြဿနာအတွက် အလွန်ရေးပါတဲ့ နိုင်ငံသားကိစ္စမှာ ဘာမှအာမခံချက်မရှိပဲNVC ကဒ်ပြားလက်ခံရေးသာ မြန်မာအစိုးရဘက်က နည်းလမ်းမျိုးစုံနဲ့ မတရား ဖိအားပေးခဲ့တာကို ကုလသမဂ္ဂအနေနဲ့ အထောက်အထား တွေ့ရှိခဲ့ကြောင်း Zeid Al-Hussein ကအခုလိုပြောပါတယ်။

“တကယ်အခြေအနေမှာတော့ NVC နိုင်ငံသားဖြစ်ခွင့် ရှိမရှိစစ်ဆေးတဲ့ ကဒ်ပြားဆိုတာဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားမဟုတ်ကြောင်း သတ်မှတ်ထားတာဖြစ်ပြီး သူတို့ရဲ့ မွေးရပ်မြေမှာ သူတို့ကို နိုင်ငံခြားသားတွေအဖြစ် အစိုးရက ဆက်လက်ပြီး သရုပ်ဖေါ်ခွဲခြားထားတာဖြစ်ပါတယ်။ ဒုက္ခသည်အများအပြားကို ကျနော်ရဲ့ဝန်ထမ်းတွေ တွေ့ဆုံမေးမြန်းမှုအရ အဲဒီ NVC ကဒ်ပြားတွေကို လက်ခံဖို့ သူတို့ကို မတရား ဖိအားပေးခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။”

မြန်မာအစိုးရ သံကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတော့ လူ့အခွင့်အရေးမဟာမင်းကြီး ရဲ့အဖွင့်မိန့်ခွန်းပါ ပြောဆိုချက်တွေမှာ ချို့ယွင်းအားနည်းမှုတွေရှိနေပြီး ပြည့်စုံမှုမရှိတဲ့အပြင် အထင်အမြင်လွဲမှားစေတဲ့ သတင်းအချက်အလက်တွေ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ်ပြဿနာအတွက် ခိုင်မာတဲ့အဖြေရှာရေးဟာ ကျနော်တို့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေထဲက တခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေကို နိုင်ငံတကာက အလွန်အာ ရုံစိုက်နေချိန်မှာပဲ အဲဒါနဲ့ ပတ်သက်လို့ ကြားရတဲ့ ဖြစ်ရပ်တွေဟာ တကယ့်ကို စိတ်မကောင်းစွာပဲ ပြည့်စုံမှုမရှိတဲ့အပြင် အထင်အမြင်လွဲှမှားစေပါတယ်။ စစ်ဆေးအတည်ပြုထားခြင်းမရှိတဲ့ စွပ်စွဲပြောဆိုချက်တွေကို အချက်အလက် အစီရင်ခံစာတွေအဖြစ် ထုတ်ပြန်ခဲ့တဲ့အတွက် ရလာဒ် အနေနဲ့ အခြေအနေတခုလုံးကို အဆိုးမြင်စေပါတယ်။”

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအခြေအနေ ဆိုးရွားမှုဟာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြစ်တင်ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Al Hussein ရဲ့ မိန့်ခွန်းဟာ အချက်အလက်အသစ် အပြည့်အစုံနဲ့ ပြောသွားတဲ့အတွက် ကြိုဆိုထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် Mr. Toufiq Islam Shatil ကပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ရင် မြန်မာအစိုးရမှာ တကယ်ဖြစ်စေချင်တဲ့၊ တကယ်လုပ်လိုတဲ့ ဆန္ဒမရှိကြောင်း သူက အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“မြန်မာအစိုးရဟာ သူရဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ခံမှုယူပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒတွေကို လုံး၀ ဥပက္ခာပြုထားတယ်ဆိုတာ ပြသနေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာကူညီမှုတွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခကို စုံစမ်းလေ့လာဖို့လည်းပိတ်ပင်ထားဆဲဖြစ်ပါတယ်။နောက်ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြုံပြုချက်တွေ အပြည့်အဝကောင်အထည်ဖေါ်မယ်လို့ ပြောဆိုတာတွေ အပါအဝင် မြန်မာအစိုးရဟာ ကတိကဝတ်တွေ အစီအရီ ပေးခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဘာမှ အပြောင်းအလဲတွေ ဖြစ်မလာသေးပါဘူး။ အဲဒီအစား ရိုဟင်ဂျာရွာတွေဟာ ဘူဒိုဇာတွေနဲ့ဖျက်သိမ်းခံရပြီး မြေတွေလည်း သိမ်းပိုက်ခံခဲ့ရပါတယ်။”

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားသဘောတူညီချက်တွေရခဲ့ပေမယ့် အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည် တယောက်မှ နေရပ် မပြန်ကြသေးတာဟာ သူတို့ရဲ့ လုံခြုံရေး၊ အကြမ်းဖက်မှုကနေ အကာအကွယ်ပေးရေး အပါအဝင် နိုင်ငံသားကိစ္စ၊ ကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ စတာတွေအတွက် အာမခံချက်တွေ မရှိသေးတာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ၃၈ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီညီလာခံမှာ Zeid Al-Hussein အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အဖြစ် လေးနှစ်တကြိမ် တာဝန်ယူတဲ့ နောက်ဆုံးသက်တမ်းကာလ လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG