သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလ အရေးယူဆောင်ရွက်ဖို့ Bangladesh တိုက်တွန်း


ဘင်္ဂလားဒေ့ရှ် လက်ရှိ လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Dipu Moni
ဘင်္ဂလားဒေ့ရှ် လက်ရှိ လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Dipu Moni

လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလှည့်ကျဥက္ကဋ္ဌ နဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွှတ်တော်ရဲ့ လက်ရှိ နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Dipu Moni တို့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် စောစောပိုင်းကလည်း ဒေါက်တာ Dipu Moni က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နယူးယောက်မှာ အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး တိုက်တွန်းပြောကြားခဲ့ ပါတယ်။ အပြည့်အစုံကို မခွာညိုက ပြောပြပေးပါမယ်။

သြဂုတ်လ နှောင်းပိုင်းက ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိင်ငံကို ထွက်ပြေးခဲ့တဲ့ရိုဟင်ဂျာ ဒုက္ခ သည်ပေါင်း အခု ၆ သိန်းကျော် သွားပြီဖြစ်ပြီး ကုလသမဂ္ဂ ခေါင်းဆောင်တွေကလည်း ဒါဟာ လူမျိုးတုံး ရှင်းလင်းမှုအဖြစ် ညီလာခံတွေမှာ ထုတ်ဖော်ပြောကြားခဲ့ကြသလို လုံခြုံရေးကောင်စီကလည်း လူသားချင်း စာနာမှု ဘေးဒုက္ခနဲ့ပတ်သက်လို့ သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလှည့်ကျဥက္ကဋ္ဌ Miroslav Lajčák ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံလွှတ်တော်ရဲ့ လက်ရှိ နိုင်ငံခြား ရေးရာ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Dipu Moni ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က နယူးယောက်ရှိ ဌာနချုပ်မှာ ဆွေးနွေးခဲ့ပါတယ်။Brendin Vama က အထွေထွေညီလာခံ ဥက္ကရဲ့ ပြောခွင့်ရ ဖြစ်ပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ အထွေထွေညီလာခံ အလှည့်ကျ ဥက္ကဋ္ဌ Miroslav Lajčák ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့လက်ရှိ ပါလီမန်အဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း လည်းဖြစ်တဲ့ ဒေါက်တာ Dipu Moni ကို ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီးညီလာခံအလှည့်ကျ ဥက္ကဋ္ဌ က ကျေးဇူးတင်စကားပြောခဲ့ပြီး ဒီအရေးကို အထွေထွေညီလာခံရဲ့ တတိယ ကော်မတီအစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့ အထွေထွေ ညီလာခံက ကမ်းလှမ်းခဲ့ပါတယ်။”

ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်ကို အခုလို လက်ခံခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ကို ကျေးဇူးတင်ပြီး ရိုဟင်ဂျာအရေးဖြေရှင်းရာမှာ လက်တွေ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အရေးပါမှုကို အထွေထွေ အတွင်းရေးမှုးက အသိအမှတ်ပြုကြောင်း ပြောခွင့်ရ မစ္စတာ Vama က ပြောပါတယ်။

“အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီတို့ကလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေ ကြပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံရင့်ကျက်တဲ့အပြင် နားလည်သဘောပေါက်မှုရှိတယ်ဆိုတာကို ညီလာခံ ဥက္ကဋ္ဌက အသိအမှတ်ပြုပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာပြဿနာဖြေရှင်းရာမှာ အကောင်းဆုံး ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာ လူ့အဖွဲ့အစည်းကို အကြံပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Dipu Moni က အထွေထွေညီလာခံ အလှည့်ကျ ဥက္ကဋ္ဌနဲ့မတွေ့ဆုံမီ အင်္ဂါနေ့က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုလိုအပ်ကြောင်း အစည်းဝေးပွဲတရပ်ကို ကျင်းပခဲ့ရာမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ချပြခဲ့ပါတယ်။ သူက လုံခြုံရေးကောင်စီကို အခုလို တိုက်တွန်းသွားပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ တရားဝင်ဆွေးနွေးတဲ့အစီအစဉ်တွေမှာ ထည့်သွင်းနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်း စာနာမှုအထောက်အကူကို လူ့အဖွဲ့ အစည်းအားလုံးအတွက် လက်လှမ်းမီစေရေး၊ အတင်းအဓမ္မနှင်ထုတ်ခံနေကြရတဲ့ ရိုဟင်ဂျာ အားလုံး သိက္ခာရှိရှိနဲ့ မိမိနေရပ်ရင်းကိုပြန်နိုင်ရေးနဲ့ ကိုဖီအာနန် အကြံပေးကော် မရှင် ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရှိမရှိ စောင့်ကြည့်ရေးနဲ့ ပတ်သက်လို့ ပုံမှန်စိစစ်လေ့လာ သုံးသပ်ဖို့ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ဖို့လည်း နိုင်ငံတကာက မျှော်လင့်ထားတာဖြစ်ပါတယ်။”

ဒါ့အပြင် ဌာနေပြန်ကြမယ့် ရိုဟင်ဂျာတွေအတွက် အန္တရာယ်ကင်းရှင်းတဲ့ဇုန်တခု မြန်မာ အစိုးရက သတ်မှတ်ပေးဖို့ကိုလည်း လုံခြုံရေး ကောင်စီက တိုက်တွန်းသင့်တဲ့အကြောင်းနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အထူး ကိုယ်စားလှယ် တဦး ခန့်အပ်ဖို့အပါအဝင် လုပ်ဆောင်ရမယ့်အချက်အလက်တွေကိုလည်း တိုက်တွန်းသွားပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အထွေထွေညီလာခံကြီးအနေနဲ့လည်း အတွင်းရေးမှူးချုပ်အနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့၊ အထူးအကြံပေး ကိုယ်စားလှယ် တဦး ခန့်အပ်ဖို့၊ တတိယကော်မတီမှာ OIC အစ္စလာမ်မစ်အဖွဲ့က တင်ပြထား တဲ့ အကြံပေးချက်ကိုလည်း လိုက်နာနိုင်ပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက လာရောက်ခွင့်မပြုခဲ့တဲ့အတွက် လူ့အခွင့် အရေးကောင်စီမှာ အထူး အစည်းအဝေးတရပ်ခေါ်ယူဆွေးနွေးပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ကို လည်း သူကတိုက်တွန်းခဲ့ပါ တယ်။

ရိုဟင်ဂျာ ပဋိပက္ခဟာ တကြိမ်တခါမှ မဖြစ်ခဲ့ဖူးတဲ့အတိုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မြန်ထက်ထက် ကူညီ ဖြေရှင်းပေးဖို့အပြင် ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ နှစ်နိုင်ငံကြား ဖြေရှင်းယူနိုင်မယ့်ပြဿနာ မဟုတ်တော့တဲ့ အတွက် ကမ္ဘာကပါ ဝင်ရောက် ဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Moni က တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG