သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုး ဒဏ်ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီဖို့ ကုလကြိုးပမ်း


ရေကြီးနေတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းထဲ ဖြတ်ကူးလာနေတဲ့ ရိုဟင်ဂျာကလေးမလေးတဦး
ရေကြီးနေတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းထဲ ဖြတ်ကူးလာနေတဲ့ ရိုဟင်ဂျာကလေးမလေးတဦး

မုတ်သုံမိုးဒဏ်ကြောင့် လူသေဆုံးမှုတွေနဲ့အတူ ဒုက္ခသည်တွေ နေထိုင်ရာအိမ်တွေ လမ်းတွေပျက်စီးနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကုလသမဂ္ဂအပါအဝင် ကယ်ဆယ်ကူညီရေး အဖွဲ့တွေက အိမ်တွေ လမ်းတွေ ပြန်ပြီး ပြုပြင်ပေး နေပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သုံးပုံတပုံလောက်ဟာ ရေကြီးတဲ့ ဒဏ်ကိုခံနေရသလို နောက်ထပ် ရေဘေးအန္တရာယ် ပိုဆိုးလာနိုင်တယ်လို့လည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာပါ။

AP နဲ့ AFP သတင်းတွေပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တောင်အာရှဒေသမှာ အခုနှစ် မုတ်သုံရာသီအတွင်း ပြင်းထန်စွာရွာသွန်းတဲ့ မိုးဒဏ်ကြောင့် နေအိမ်တွေ ရေထဲမျောပါခဲ့သလို မြေပြိုမှုတွေ ဖြစ်ပွါးခဲ့အပြင် ပျက်စီးမှု အများအပြားရှိနေပြီး လူပေါင်း ၁၈၀ ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အင်္ဂါနေ့က အိန္ဒိယအာဏာပိုင်တွေက ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီဒေသတွင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဗြဟ္မပုတ္တရမြစ် အပါအဝင် မြစ်ကြီး ၁၄ စင်းလောက် စီးဝင်လာတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ထားတာ ဖြစ်တဲ့အတွက် မုတ်သုန်ရာသီရောက်တိုင်း ရေဘေးအန္တရာယ်နဲ့ ကြုံရလေ့ရှိပြီး မြစ်ကမ်းပါးတွေမှာ နေထိုင်သူတွေအတွက် အထူးသတိပေးချက်တွေ ထုတ်ပြန်ထားတာပါ။ အခုလက်ရှိမှာကိုပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သုံးပုံတပုံလောက်ဟာ ရေကြီးတဲ့ ဒဏ်ကိုခံနေရ တယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကတော့ Cox's Bazar နဲ့ ကူတူးပါလောင်အပါအဝင် ဒုက္ခသည် စခန်းတွေမှာ အများဆုံး ရှိနေတာဖြစ်ပြီး ဒီစခန်းတွေဟာ လူဦးရေ သိပ်ထူထပ်တဲ့အပြင် သူတို့ နေထိုင်ရာ အိမ်အများစုဟာ တောင်စောင်းတွေမှာ တည်ဆောက်ထားတာ ကြောင့် ဧပြီလကစပြီး မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းခဲ့တဲ့နောက် မြေပြိုမှုတွေကို ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ပြင်းထန်စွာရွာသွန်းတဲ့ မိုးကြောင့် မြေပြိုမှုတွေ ရေထဲမျောပါမှုတွေဖြစ်ပွါးခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးခဲ့ရသလို သူတို့နေထိုင်ရာ တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

Cox’s Bazar ဒုက္ခသည်စခန်းက အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ Sanjida Begumကတော့ ရေထဲမျောပါခဲ့ကြသူတွေထဲမှာ သူ့ရဲ့တူပါ ပါတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ ရက်တွေ တုန်းက မိုးတွေက သိပ်ရွာတော့ မြေတွေပြိုပြီး အိမ်အတော်များများလည်း ပျက်စီးသွားတယ်။ လူတွေလည်း ဒုက္ခရောက်ကြတယ်။ ဒီတူးမြောင်းကို ဖြတ်ကူးရင်း ရေထဲမျောပါသွားတဲ့ ကလေးတွေလည်း ရှိတယ်။ ကျမ တူလေးတောင် ဒီတူးမြောင်းထဲမှာ ရေထဲမျောသွားတာ။”

ဇူလိုင်လ ၂ ရက်နေ့ကတည်းကစပြီး မိုးရေချိန် အနည်းဆုံး နှစ်လက်မထက်မနည်း ရွာသွန်းခဲ့တယ်လို့ Cox’s Bazar မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။ မိုးပြင်းထန်တာကြောင့် တောင်စောင်းတွေမှာ ဆောက်ထားကြတဲ့ ရွက်ဖျင်တဲတွေနဲ့ ယာယီတဲ စုစုပေါင်း ၅ ထောင်နီးပါးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံ IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေး အဖွဲ့ကပြောပါတယ်။

မိုးပြင်းထန်စွာ ရွာသွန်းတဲ့အတွက် လမ်းတွေ ပျက်စီးခဲ့ရသလို အသွားအလာတွေ လည်း သိပ်ခက်ခဲနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် တဦးဖြစ်တဲ့ Muhammad Tarek က ပြောပါတယ်။

"ဒီလမ်းပျက်စီးသွား ပြီးတဲ့နောက်မှာ သွားရလာရတာ သိပ်ခက်သွားတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေဆို တော်တော်များများ ချော်လဲ ကြတယ်။ နောက်ပြီး အခုဆို ဈေးသွားဖို့တောင် တော်တော် ခက်နေတယ်။”

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဧပြီလကစပြီး မြေပြိုကျမှုပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရိုဟင်ဂျာ ကလေးနှစ်ဦးသေဆုံးပြီး လူပေါင်း ၆,၀၀၀ လောက်ရဲ့ ခိုလှုံစရာ တဲအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ဆက်သွယ်ရေးအရာရှိ တဦးဖြစ်တဲ့ Gemma Snowdon ကတော့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အဖွဲ့တွေဟာ ပျက်စီးတဲ့ နေအိမ်တွေ လမ်းတွေကို ပြင်ပေးသလို ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"လမ်းပြင်တဲ့ အဖွဲ့ကတော့ သဲသဲမဲမဲ ရွာနေတဲ့ မိုးထဲမှာပဲ လမ်းပြင်ဖို့ ကြိုးစားနေကြတယ်။ ကံကောင်းထောက်မလို့ မိုးကနဲနဲ စဲသွားတော့ တော်တော်လေး ပြင်နိုင်ခဲ့တယ်။ ဒါကြောင့် နောက်ထပ် အနဲဆုံး ၃- ၄ ရက်လောက် ဆက်ပြီး ဒီအတိုင်းပဲ မိုးသိပ်မရွာပါစေနဲ့လို့ ဆုတောင်းနေတယ်”

အဲဒီဒေသမှာ ကုလသမဂ္ဂ အပါအဝင် ကယ်ဆယ်ကူညီရေးအဖွဲ့ ၁၇ ဖွဲ့ရှိနေတာပါ။ ဒီ ဒုက္ခသည်စခန်းမှာ ၂၀၁၈ ခုနှစ် မုတ်သုံရာသီတခုလုံး အတွက် စားနပ်ရိက္ခာထပ်ဖြည့်ပေးဖို့ လိုအပ်သူက ၇ ထောင်လောက် ပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ သည်းထန်တဲ့ မိုးကြောင့် အခုအချိန်အထိ ဆို လူပေါင်း ၁၁၄၀၀ လောက်အတွက် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်လို့လည်း WFP က ပြောပါတယ်။

မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ဒေသခံတွေရဲ့ အခြေအနေတွေ ဆိုးရွားနေပြီး လာမယ့် ရက်ပိုင်း အတွင်းမှာဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုပြီး လိုအပ်လာမယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG