သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်နိမိတ်မျဉ်းကနေ ရိုဟင်ဂျာတွေစတင်ထွက်ခွာ


Rohingya Refugees
Rohingya Refugees

ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံကြား နယ်စပ်မျဉ်းရှိရာ ဒေသမှာ စခန်းချပြီး လပေါင်းများစွာနေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆၀၀၀ လောက်ဟာ မြန်မာဘက်က အသံချဲ့စက်နဲ့ ပြောင်းရွှေ့ဖို့ ပြောဆိုနေမှုတွေကြောင့် အဲဒီနေရာကနေ စတင်ထွက်ခွါနေကြပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေကလည်း အဲဒီဒေသကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာဘက်က Tambru နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က Konaparu ဒေသကြား ၂ နိုင်ငံ နယ်စပ်မျဉ်းရှိရာ ဒေသမှာ စခန်းချပြီး လနဲ့ချီနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် က ၆၀၀၀ လောက်ရှိပါတယ်။ ဖြစ်သလို တဲလေးတွေဆောက်ပြီး နေထိုင်နေကြသူတွေကို အဲဒီနေရာကနေ ထွက်ခွါကြဖို့ မြန်မာဘက်က အသံချဲ့စက်နဲ့ တနေ့ကို ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် ပြောကြားနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ပြောပါတယ်။ မြန်မာစစ်တပ်က အဲဒီနယ်စပ်ဒေသတလျှောက် သံဆိုးကြိုးတွေ ကာရံထားသလို အဲဒီနေရာဟာ မြန်မာပိုင်နက်ဖြစ်တာကြောင့် တရားမဝင် မနေထိုင်ကြဖို့နဲ့ နေရင် အရေးယူခံရမှာ ဖြစ်ကြောင်း အသံချဲ့စက်နဲ့ ပြောနေတာ ဖြစ်ပါတယ်။

အခုလို ပြောဆိုမှုတွေကြောင့် ဒီစခန်းမှာ နေထိုင်သူတွေဟာ အရင်လို မနေရဲကြတော့ပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်သွားနေကြပြီလို့ အဲဒီမှာ နေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Dil Mohammad က ပြောပါတယ်။

“ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့ အနေနဲ့ သူတို့ကစပြီး ကြေညာခဲ့တာမို့ ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားရတော့မှာပါ။ သူတို့က ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့ပဲ လုပ်တာပါ။ ဒါကိုကြည့်ရင် မြန်မာအစိုးရက ဘယ်လိုဖိနှိပ်တဲ့သူမျိုးလဲ ဆိုတာ ပြနေပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာနေတာက ကျွန်တော်တို့ အသက်မသေဖို့ပါ။ ဒီကနေ တကယ် သွားရတော့မှာပါ။”

မနှစ်က သြဂုတ်လကုန်ပိုင်း ရိုဟင်ဂျာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုံခြုံရေးစခန်းတွေ ဝင်ရောက်စီးနင်းမှုကနေ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်တွေကို လက်ခံမယ်လို့ မကြေညာခင် ရက်တွေအတွင်းမှာပဲ ဒီနယ်စပ်ဒေသမှာ သူတို့ နေခဲ့ကြတာ ဖြစ်ပြီး အခုတော့ ဒီစခန်းကနေ အိမ်ထောင်စုပေါင်း ၁၅၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းထွက်ခွါသွားပြီလို့လည်း မိုဟာမက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတာဝန်ရှိသူတွေ အဲဒီ စခန်းနေရာကို လာရောက်ပြီး ရခိုင်ပြည်နယ်ဘက်ကို ပြန်ဖို့ တိုက်တွန်းခဲ့ပေမယ့် ရိုဟင်ဂျာခေါင်းဆောင်တွေက သူတို့ကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြသလို လုံခြုံမှုမရှိရင် မပြန်နိုင်ကြောင်း ငြင်းဆိုခဲ့ကြတာပါ။ Dil Mohammad ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ပါတယ်။ ၂၁ ရက်နေ့မှာတော့ ကျွန်တော်တို့ကို သူတို့က ARSA အဖွဲ့ဝင်တွေလို့ စပြီးခေါ်ပါတယ်။ အရင်တုန်းကတော့ တခါမှ ဒီလို မပြောဘူး ပါဘူး”

တချိန်ထဲမှာပဲ ရိုဟင်ဂျာအမျိုးသမီးများအရေးနဲ့ ပတ်သက်ပြီး အတူရပ်တည်တာကို ပြသဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦး ထဲက ယီမင်က Tawakkol Karman နဲ့ မြောက်အိုင်ယာလန်က Mairead Maguire တို့ဟာ ဗုဒ္ဓဟူးနေ့မှာ အဲဒီဒုက္ခသည် စခန်းကို သွားရောက်ခဲ့ကြပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောကြားခဲ့ကြပါတယ်။ ယီမင်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Karman ကတော့-

“ရှင်တို့က မြန်မာနိုင်ငံသားတွေပါ။ ရှင်တို့ရပိုင်ခွင့်ကို ပြန်ယူကြပါ။ ရှင်တို့ ရပိုင်ခွင့်ကို ပြန်ရဖို့ လုပ်နေကြတဲ့ ရှင်တို့နဲ့အတူ ရှိနေတယ် ဆိုတာကို ပြဖို့ Ireland - အီရန်နဲ့ ယီမင် နိုင်ငံတွေက နိုဘယ်ဆုရှင် ၃ ဦး ဒီကို လာကြာတာပါ။”

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Mairead Maguire ကလည်း ဒုက္ခသည်တွေအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို ပန်ကြားမှာ ဖြစ်ကြောင်းပြောပါတယ်။

“ဝန်ကြီးချုပ် Sheikh Hasina ကို မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ ကျမတို့ ပန်ကြားမှာပါ။ ဒါ့အပြင် သူ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နိုင်ငံ သံတမန်ဆက်ဆံရေး ခိုင်မြဲအောင်လုပ်ပြီး ရှင်တို့ရဲ့ နိုင်ငံကို ရှင်တို့ အန္တရာယ် ကင်းကင်းနဲ့ ပြန်နိုင်ရေး ဆွေးနွေးဖို့လည်း ပြောမှာပါ။”

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရတို့ကြား ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ဒီနှစ်ဆန်းမှာ ပြန်ပို့ဖို့ သဘောတူခဲ့ကြတာပါ။ မြန်မာဘက်က ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားပေမယ့် ဒုက္ခသည်တွေ ဘက်က ပြန်ဖို့ ဆန္ဒမရှိသေးသလို ဒုက္ခသည်တွေ သူတို့ သဘောဆန္ဒအတိုင်းပြန်လာဖို့အတွက် လုံခြုံဘေးကင်းမှုရှိဖို့နဲ့ အထူးသဖြင့် နိုင်ငံတကာ စောင့်ကြပ်မှုလိုအပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောပါတယ်။ အခု မြန်မာဘက်ကပဲ ဦးစီးလုပ်ဆောင်နေတဲ့ ဒုက္ခသည် ပြန်လည်စီစစ်လက်ခံရေးအစီအစဉ်မှာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အကူအညီကို ရယူဖို့ အင်္ဂါနေ့ကပဲ မြန်မာအစိုးရဖက်က ကမ်းလှမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG