သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာရွာတွေကို မြေထိုးစက်နဲ့ ဖယ်ရှားဟု HRW စွပ်စွဲ


ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ နေထိုင်ရာ ကျေးရွာတွေကို မြန်မာအာဏာပိုင်တွေက မြေထိုးစက်တွေနဲ့ အပြီးတိုင် ရှင်းလင်းဖယ်ရှား ပစ်ခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေအရ တွေ့ခဲ့ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။

ယိုယွင်းပျက်စီးနေတဲ့ အဆောက်အဦးတွေကို ဖြိုချရုံသက်သက် မဟုတ်ဘဲ၊ တချိန်က ရှိခဲ့တဲ့ ကျေးရွာတွေကို အပြီးတိုင် ရှင်းလင်း ဖယ်ရှားခဲ့တာ တွေ့ရပြီး၊ ထင်ရှားတဲ့ အမှတ်အသား၊ သစ်ပင်၊ စိုက်ခင်းပျိုးခင်းဆိုလို့ ဘာတခုမှ မတွေ့ရတော့တဲ့အကြောင်း၊ HRW အဖွဲ့ရဲ့ အာရှရေးရာ သုတေသီ Richard Weir က တွေ့ရှိချက်တွေကို ဒီကနေ့ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

ရာဇဝတ်မှုခင်းတွေ ဖြစ်ပွားခဲ့ရာ နေရာတွေအဖြစ်၊ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က စစ်ဆေးခွင့်ရမယ့် အချိန်အထိ၊ ရှင်းလင်းဖယ်ရှားတဲ့ လုပ်ငန်းစဉ်တွေကို ချက်ခြင်းရပ်ဆိုင်းထားဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အေဂျင်စီတွေနဲ့ အလှူရှင်တွေက တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားကြတာပါ။

ဒါပေမဲ့လည်း မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲထားသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ကြောင်း ငြင်းဆန်ထားသလို၊ ချိုးဖောက်သူ တချို့ကိုလည်း အပြစ်ပေး အရေးယူခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက တကျော့ပြန် ပဋိပက္ခတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတွေကို ရှင်းလင်းမှုတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ စတင်ခဲ့ပြီး၊ တလလောက် ရပ်နားထားပြီးမှ ဒီနှစ် ဇန်နဝါရီလမှာ ပြန်လည်စတင်ခဲ့ကြောင်းလည်း HRW ကပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီလ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မှတ်တမ်းတင် ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အနည်းဆုံး ကျေးရွာတွေနဲ့ စိုက်ခင်းပေါင်း ၅၅ ခုကို လုံး၀ ဖယ်ရှားခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ရာဇဝတ်မှုခင်းဖြစ်ရာ အထောက်အထားတွေကို တမင်သက်သက် ဖျက်ဆီးတာဟာ တရားရေးဆိုင်ရာ လုပ်ငန်းတွေကို ဟန့်တားရာရောက်ကြောင်းလည်း HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG