သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမှု ICC လွဲှဖို့ ကုလလုံခြုံရေးကောင်စီကို Fortify Rights တိုက်တွန်း


နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အဲဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ်နဲ့ လုံခြုံရေး ထိပ်တန်းတာဝန်ရှိသူ ၂၂ ယောက်ကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောလိုက်ပြီး၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို အမြန်ဆုံးလွှဲသင့်တယ်လို့ ဒီအစီရင်ခံစာက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဒီကနေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာတော့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့က ARSA ရိုဟင်ဂျာအစွန်းရောက် အဖွဲ့တွေက လုံခြုံရေးကင်းစခန်းတွေကို မတိုက်ခိုက်ခင်မှာကတည်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဘက်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျကျူးလွန်ဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ရက်စက် ဆိုးရွားတဲ့ ရာဇဝတ်မှုကျူးလွန်ဖို့အတွက် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လိုပြင်ဆင်ခဲ့တယ်ဆိုတာ ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီ ပြစ်မှုတွေထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ နဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇတ်ဝင်မှုတွေလည်း ပါဝင်တယ်ဆိုတဲ့ လက်ခံနိုင်လောက်တဲ့ သက်သေအထောက်အထားတွေကို ဒီအစီရင်ခံစာထဲမှာ တွေ့ရှိထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထိပ်တန်းတာဝန်ရှိသူ ၂၂ ယောက်ကိုလည်း ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရာဇဝတ်မှုကြောင်းဆိုင်ရာအရ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။"

မြန်မာလုံခြုံရေးအာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ ဓါးနဲ့ချွန်ထက်တဲ့လက်နက်အသုံးအဆောင်တွေကို သိမ်းဆည်းတာ၊ ခြံစည်ရိုးတွေကို အတင်းအကြပ်ဖယ်ရှားခိုင်းတာ နဲ့ မွတ်စလင်မဟုတ်တဲ့သူတွေကို လက်နက်တပ်ဆင်လေ့ကျင့်သင်ကြား ပေးတာတွေ ပါဝင်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေဆီကနေ စားနှပ်ရိက္ခာတွေကိုလည်း သိမ်းယူတာတွေ၊ လူသားချင်းစာနာမှုအကူအညီတွေမပေးနိုင်အောင်လုပ်တာတွေလည်း ပါဝင်တယ်လို့ ပြောထားပါတယ်။ အခုလို မြန်မာလုံခြုံရေးတာဝန်ရှိသူတွေဘက်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ဒီအစီရင်ခံစာထဲမှာ တိုက်တွန်းထားတယ်လို့လည်း Matthew Smith က ပြောပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့ ဒီအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်အောင်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာထဲက အကုန်လုပ်လုပ်သွားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ကျနော်တို့ တောင်းဆိုပါတယ်။"

ဒီအစီရင်ခံစာပါတဲ့အချက်တွေကိုတော့ မျက်မြင်သက်သေတွေ၊ ထွက်ပြေးလွတ်မြောက်လာသူတွေ၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်တွေ ၊ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့တွေ၊ အကဲခတ်တွေ၊ ဆရာဝန်တွေ နဲ့ အကူအညီပေးရေးအဖွဲ့ဝင် ၂၅၄ ယောက်ကို တွေ့ဆုံမေးမြန်းပြီး အခြေခံထားတာဖြစ်တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အခုထက်ပိုပြီး မဆိုးလာနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဝင်ရောက်ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

"မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတဝှမ်း နေရာအတော်များများက တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ ဖြစ်နေတဲ့ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ အဲဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လုံးဝပြစ်ဒဏ်ခံရခြင်းလည်း မရှိပါဘူး။ ဒါကြောင့် တကယ်လို့သာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို ဒီကိစ္စတွေအတွက် တာဝန်မယူခိုင်းဘူးဆိုရင်၊ ဒီလိုရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဆက်ပြီးတော့ ဖြစ်နေမယ့် အခြေနေရှိပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာကနေ ၊ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရတော့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ အခုလို ရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအစိုးရဘက်က ကော်မရှင်တရပ်ဖွဲ့ပြီး စစ်ဆေးနေပြီး၊ နိုင်ငံတကာက ခေါ်နေတဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့ မြန်မာအစိုးရဘက်က လက်ခံခြင်းတော့မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG