သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အသုံးအနှုံး နဲ့ ဆွေးနွေး လျှင် မြန်မာ လက်မခံ


အင်ဒိုနီးရှားအစိုးရ ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည်များ။ (မေ ၁၃၊ ၂၀၁၅)
အင်ဒိုနီးရှားအစိုးရ ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည်များ။ (မေ ၁၃၊ ၂၀၁၅)

မြန်မာအစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကြောင့် အခု မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဆီကို ရောက်ရှိလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံတွင်းက ထွက်ပြေးလာကြသူတွေကို ရိုဟင်ဂျာတွေလို့ သုံးနှုန်း ရင် ဆွေးနွေးလို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောဆို လိုက်ပါတယ်။ အခုအချိန်ထိလည်း မလေးရှားနိုင်ငံဆီကို ဦးတည် သွားနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးလည်း တရားဝင် သံတမန်ရေး အရ ဆွေးနွေးမှုတွေ မရှိသေးသလို မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ဘက် ကလည်း မြန်မာ သံရုံးတွေဆီကို တရားဝင် အကြောင်းကြားထားတာ မရှိသေးတဲ့ အကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ မသိင်္ဂ ီထိုက်က ဆက်သွယ် စုံစမ်းထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ မလေးရှားနိုင်ငံဆီကို ဦးတည်ပြီး ပင်လယ်ပြင် ကို လှေတွေနဲ့ ဖြတ်ကျော် လာရောက်ကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါရှိတယ်လို့ သက်ဆိုင်ရာ အစိုးရတွေက တရားဝင် အကြောင်းကြားလာခဲ့ရင် မြန်မာ အစိုးရဘက်က မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးပေးဖို့ တာဝန်ရှိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်ကနေ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းက ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေလို့ သုံးနှုန်းရင်တော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က စိစစ်ဆောင်ရွက်ဖို့ မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"ကျျနော်တို့ တရားဝင်တော့ ဆွေးနွေးဖို့ တရားဝင် ညှိနှိုင်းဖို့ ဆိုတဲ့ဟာမျိုးကိုတော့ စာနဲ့ပေနဲ့ မရှိဘူး။ သို့သော်လည်း လာတွေ့တဲ့အခါ ဆွေးနွေးတာ ပြောချင်တယ် ဆိုတဲ့ အရိပ်အယောင်ပြ တာလေးတွေရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါ ရိုဟင်ဂျာ ဆိုလို့ရှိရင်တော့ ဆွေးနွေးလို့ ဘာမှ အကျိုးမရှိနိုင်ဘူးလေ။ ကျနော်တို့ နိုင်ငံကလည်း ဒါကို ပြည်သူလူထုရော အစိုးရရောက လက်မခံတဲ့ ဟာဖြစ်နေတဲ့အတွက် ဒါကို ဆွေးနွေးလို့ရှိရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။

ကျနော်တို့ အနေနဲ့ကတော့ ဒါ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကိုတော့ ကျနော်တို့က ဒါက လိုအပ်လို့ရှိရင် စိစစ်ပေးပါတယ်။ စစ်ပေးတယ်။ မြန်မာနိုင်ငံသား မှန်ရင်တော့ ကိုယ့်နိုင်ငံမှာ Residence ပေါ့လေ။ သူတို့ပြနိုင်တယ်ဆိုရင်တော့ ကျနော်တို့က အချိန်မရွေး သူတို့ကို ပြန်ပြီးတော့ လက်ခံပေးဖို့ ရှိပါတယ်။

ရိုဟင်ဂျာ ဆိုရင်တော့ ကျနော်တို့က ဆွေးကို မဆွေးနွေးတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ဒီကိစ္စက ဘယ်လိုခေါ်မလဲ ရိုဟင်ဂျာနဲ့ -ရိုဟင်ဂျာလို့ပြော ရင် နိုင်ငံသားဖြစ်မှု ဆွေးနွေးဖို့တောင် ပိုပြီးတော့ ဝေးသွားတာပေါ့နော်။"

ဒီရက်ပိုင်းအတွင်းမှာဘဲ မလေးရှားနိုင်ငံဘက်ဆီကို ဦးတည်ထွက်လာတဲ့ လှေစီးပြေး ဒုက္ခသည် ၂ ထောင် တို့ကို အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က ကယ်ဆယ် ထားရတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ဖြစ် တယ်ဆိုတာနဲ့ ဒီလို ထွက်ပြေးလာသူတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကလည်း ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြတာပါ။

ဒါပေမယ့် ဒီလှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံ ဘက်ကရော မလေးရှားနိုင်ငံဘက်ကပါ သက်ဆိုင်ရာ မြန်မာ သံရုံးတွေကို အကြောင်းကြားတာ မရှိသေးတဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော် ကပြောပါတယ်။

အစိုးရချင်း သံတမန် နည်းလမ်းအရ တရားဝင် ပြောဆိုမှုတွေ မရှိပေမယ့်လည်း ကြာသပတေးနေ့မှာဘဲ မလေးရှား ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ပြင်သစ် သတင်းအေဂျင်စီ AFP ကို ပြောဆိုတာမှာတော့ အခု လှေစီး ထွက်ပြေး လာကြသူတွေဟာ မြန်မာပြည်တွင်းမှာ ဖိနှိပ်ခံရတာကြောင့် ဌာနေပြန်ဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ပြည်သူတွေကို လူလိုသူလို ဆက်ဆံ အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ပြောဆိုဖို့ လိုအပ်နေပြီ ဆိုပြီး မလေးရှား ပြည်ထဲရေး ဒုတိယ ဝန်ကြီး Wan Junaidi က ပြောဆိုခဲ့တဲ့ အကြောင်း သတင်းမီဒီယာတွေက AFP သတင်းဌာနကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။

မီဒီယာတွေမှာ ဖော်ပြကြတဲ့ ရိုဟင်ဂျာအရေး မြန်မာ အစိုးရ အပေါ်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

" ကျနော်တို့ မနေ့တနေ့ကပဲ အာဆီယံ အစည်းအဝေး Summit လုပ်သွားတာပဲလေ။ အာဆီယံ အစည်းအဝေးမှာ လည်း ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးလို့ရတဲ့ နေရာပဲလေ။ အဲ့ဒီ့မှာတောင်မှ ဘာမှ မဆွေးနွေးခဲ့ဘူး။ သို့သော်လည်း မီဒီယာပေါ့နော်။ သူတို့လည်း အလျင်းသင့်ရင် သင့်သလို မေးတဲ့မေးခွန်းပေါ်မှာ မူတည်ပြီးတော့ သူတို့လည်း ဖြေသွား တာလေးတွေ ရှိတာပေါ့လေ။ အဲ့ဒီ့တော့ ကျနော်တို့ကလည်း မီဒီယာပေါ်မှာ ပြောတဲ့ ဥစ္စာတွေကိုတော့ သိပ်ပြီးတော့ ကျနော်တို့အနေနဲ့ အထကောက်ဖို့တော့ ခက်တာပေါ့။ "

မြန်မာအစိုးရဘက် ကလည်း ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် လက်မခံပါဘူး။ ရိုဟင်ဂျာလို့ ပြောဆိုနေကြသူတွေဟာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က ပြောင်းရွှေ့ ဝင်ရောက် လာကြတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကလည်း ဒါကို လက်မခံတာကြောင့် ရိုဟင်ဂျာတို့ဟာ နိုင်ငံမဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဖိနှိပ်ခံရမှု အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံဆီကို ဦးတည် ထွက်ပြေးလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာ အရေအတွက်ဟာလည်း ဒီနှစ် ပထမ ၃ လ အတွင်းမှာ ခန့်မှန်းခြေ ၂ သောင်းခွဲ နီးပါး ရှိနေပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြီးခဲ့တဲ့ ၃ လ အတွင်း ထွက်ပြေးကြတဲ့ အရေအတွက်ရဲ့ ၂ ဆ ဖြစ်လာတာလို့ လည်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး က ပြောဆို ထားပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေကို ပြန်ပြီး မောင်းမထုတ်ကြဖို့ အကူအညီပေးကြဖို့ကိုလည်း ကုလ သမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG