မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ထွက်ပြေးလာကြတယ် ဆိုတဲ့ မွတ်ဆလင် ဒုက္ခသည် ၁၂၉ ဦးဟာ ဒီနေ့မနက် စောစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးပြည်နယ် ကမ်းရိုးတန်းမှာ လှေပျက်တစီးနဲ့ မျောနေတာကို ဆွဲသင်္ဘောတစီးနဲ့ ကမ်းကိုဆွဲပြီး ကယ်တင်ခဲ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
ဒီဒုက္ခသည်တွေဟာ အမျိုးသားတွေချည်း ဖြစ်ပြီးတော့ ပင်လယ်ထဲမှာ အရှည် ၁၄ မီတာရှိတဲ့ လှေပျက်နဲ့ ၃ ပတ်နီးပါး မျောနေကြတာကို အင်ဒိုနီးရှား ငါးဖမ်းလှေတွေက အင်္ဂါနေ့မနက်က စပြီး တွေ့ခဲ့တာ ဖြစ်ပါတယ်။
အစာရေစာ ပြတ်နေတဲ့ ဒုက္ခသည်တွေဟာ အလွန်အားနည်း ချည့်နဲ့နေတာကြောင့် သူတို့ကို အစာတွေ၊ ရေတွေ ပေးပြီး ဆေးစစ်ပေးနေတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအရ နှိပ်ကွပ်မှုတွေအပြင် ခရီးသွားလာခွင့် ကန့်သတ်တာ၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာ၊ တရားလက်လွတ် သတ်ဖြတ်တာတွေကို စစ်အစိုးရ အာဏာပိုင်တွေက ပြုကျင့်နေတာကြောင့် မွတ်ဆလင် ဒုက္ခသည်တွေ နှစ်စဉ် ရာနဲ့ချီပြီး မြန်မာနိုင်ငံထဲကနေ လှေစီးပြီး ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
အခုရောက်လာတဲ့ မြန်မာနိုင်ငံကဆိုတဲ့ မွတ်ဆလင် လှေစီးပြေး ဒုက္ခသည်တွေရဲ့ အရေးကို အင်ဒိုနီးရှား အစိုးရက နိုင်ငံတကာ ဒုက္ခသည် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမယ်လို့ အင်ဒိုနီးရှား အရာရှိ တဦးက ပြောကြားလိုက်ပါတယ်။