သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာစိုးရိမ်


မြန်မာအစိုးရက ဖမ်းဆီးမိထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်ကို တင်လာတဲ့ စက်လှေပေါ် ပါလာသူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို စစ်ဆေးလို့ရအောင် သူတို့ကို ဘေးကင်း လုံခြုံတဲ့နေရာကို စောင့်ရှောက် ခေါ်ဆောင်သွားတယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Steve Herman ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စက်လှေနဲ့ လိုက်ပါလာပြီး လူမှောင်ခိုကူးသူတွေက စွန့်ပစ်ထားခြင်း ခံခဲ့ရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်ကို ရေနဲ့ အစားအစာတွေ ထောက်ပံ့ပေးထားကြောင်းနဲ့ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားလိုကြောင်း ပြောတယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။

အဲဒီစက်လှေပင်လယ်ပြင်ထဲ မျောနေတာကို မြန်မာရေတပ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ တွေ့ရှိခဲ့တာပါ။ သူတို့တွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေလို့ ယူဆရပြီး မလေးရှားနိုင်ငံဘက်ကို ဦးတည် သွားနေကြပုံရတယ်လို့ ဆိုပါတယ်။

လူမှောင်ခိုကူးမှုမှာ ကြားခံနယ်မြေအဖြစ် အသုံးပြုနေတဲ့ ထိုင်းနဲ့ မလေးရှား နယ်စပ်တလျှောက်မှာရှိတဲ့ စခန်းတွေကို လိုက်လံ ဖြိုခွင်းနေတာ၊ ပိတ်ပစ်တာတွေ ဖိဖိစီးစီး လုပ်လာနေတဲ့အတွက် လူမှောင်ခိုကူးသူတွေက ဒီ ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့ကို စတင် ခေါ်ဆောင်လာတဲ့ အန္တရာယ်များလှတဲ့ နေရာအနီးမှာပဲ စွန့်ပစ်ထားခဲ့ပုံရတယ်လို့ Arakan Project ညွန်ကြားရေးမှူး Chris Lewa က ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောပါတယ်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ လှေပေါ်တက်လိုက်လာတဲ့သူတွေအတွက် ပွဲစားတွေက ပိုက်ဆံတွေ လိုက်တောင်းနေတုန်းပဲလို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျမရဲ့ အဖွဲ့ငယ်လေးက ပြောပါတယ်။ ဒါကြောင့် လှေစီးပြေးတဲ့သူတွေ ပင်လယ်ထဲမှာ ရှိနေသေးတယ်ဆိုတာ သိသာပါတယ်။ ကျမတို့အထင်တော့ စက်လှေတွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိနေနိုင်ပါတယ်။ သေတော့ မသေချာပါဘူး။”

ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာသူ စုစုပေါင်း ၅,၆၀၀ လောက် နိုင်ငံပေါင်း ၅ နိုင်ငံက ကမ်းခြေတွေကို ဆိုက်ကပ်လာတယ်လို့ သူမရဲ့ NGO အဖွဲ့ဝင်တွေ စောင့်ကြည့် ကောက်ယူထားတဲ့ စာရင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ထွက်ပြေးလာသူတွေ ထောင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲ ဖြစ်တယ်ဆိုတာကို ထင်ဟပ်စေပါတယ်။ ဗုဒ္ဓဘာသာ အများစုကြီးစိုးတဲ့ မြန်မာနိုင်ငံအတွင်း နေစရာ အတည်တကျမရှိဘဲ ဖြစ်နေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအရေးကိုလည်း နိုင်ငံတကာက အစောပိုင်းမှာ သိပ်အာရုံမစိုက်ခဲ့ကြပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ကမ်းခြေတွေကို အတော်များများ ဆိုက်ရောက်လာနေတာနဲ့ ထောင်နဲ့ချီတဲ့သူတွေဟာလည်း ပင်လယ်ထဲမှာ ရေနဲ့ အစားအစာ အနည်းငယ်နဲ့ မျောနေတဲ့သူတွေကိုလည်း ဘယ်နိုင်ငံကမှ လက်ခံလိုစိတ် မရှိဘူးဆိုပြီး အကူအညီပေးရေး အဖွဲ့တွေက သတိပေး ပြောဆိုနေတာကြောင့် အခြေအနေဟာ ပြောင်းလဲလာနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကလည်း အမေရိကန်နိုင်ငံက ရုပ်ရှင်မင်းသား Matt Dillon ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့အရေးဟာ စိတ်မချမ်းမြေ့ဖွယ်ရာ၊ ကြေကွဲဖွယ်ရာကောင်းပြီး ဖြေရှင်းလို့ရနိုင်တဲ့ လူတွေက ဖန်တီးတဲ့ ပြဿနာဖြစ်တယ်လို့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“လူတွေဟာ သဘာ၀ ဘေးအန္တရာယ်ကြောင့် ဒုက္ခသည် စခန်းထဲမှာ နေနေကြတာ မဟုတ်ပါဘူး။ ဒါဟာ လူတွေက ဖန်တီးတဲ့ သည်းမခံနိုင်မှု၊ အကြောက်တရား၊ အတူ ယှဉ်တွဲ နေထိုင်လိုစိတ် မရှိမှုတွေကြောင့် ဖြစ်ရတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲပါ။”

သူ့ထံကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက စာရေးပြီး အသနားခံလာတဲ့အတွက် စစ်တွေက ဒုက္ခသည်စခန်းကို သူသွားကြည့်ခဲ့တာလို့ Matt Dillon က ပြောပါတယ်။ အဆုံးသတ်မှာတော့ သူတို့တွေဟာ တိုင်းပြည်မဲ့သူတွေအဖြစ် ဆက်တည်ရှိနေလို့ မရနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

ဒီပဋိပက္ခ ပြေလည်ရေးအတွက် နိုင်ငံပေါင်းစုံပါဝင်တဲ့ စည်းဝေးပွဲတခု ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းအစိုးရက လက်ခံ ကျင်းပပေးခဲ့ပေမယ့်လည်း တိုးတက်မှု တစုံတရာမရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုလို လူတွေ ရွှေ့ပြောင်းထွက်ပြေးနေတဲ့ ပြဿနာရဲ့ အခြေခံ ဇစ်မြစ်ကို ဖြေရှင်းရေး အပါအဝင် အာဆီယံနိုင်ငံတွေအကြား ဒီကိစ္စကို ဆက်လက် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အစဉ်အလာအားဖြင့် တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လေ့မရှိတဲ့ မလေးရှားနဲ့ အာဆီယံအဖွဲ့တို့ရဲ့ ရှားရှားပါးပါး ဖိအားပေးမှုတွေနဲ့ မြန်မာအစိုးရ ရင်ဆိုင်နေရတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒအဖွဲ့က သုတေသီ Liliane Fan က ပြောပါတယ်။

“အာဆီယံအဖွဲ့ဟာ အားလုံးက တညီတညွတ်ထဲ့ ဆုံးဖြတ်ချက်ချတဲ့အပေါ် အခြေခံထားတဲ့ အဖွဲ့ဖြစ်နေတော့ တော်တော်တော့ ခက်ပါတယ်။ ဒါပေမဲ့ ဒေသတွင်းက သြဇာရှိတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကတောင် တဖြည်းဖြည်းနဲ့ မေးခွန်းထုတ်တာတွေ ရှိလာနေပါပြီ။ ဥပမာ - အရင် တိုင်းပြည်ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့ မူဝါဒဟာ အလုပ်မဖြစ်တော့ဘူးလို့ ပြောလာနေကြပါပြီ။”

တိုင်းပြည်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခြင်း မလုပ်ဖို့အတွက် အမေရိကန်သမ္မတ Barack Obama ကလည်း တနင်္လာနေ့တုန်းက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် ဒါဟာ အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ယာယီ နေထိုင်ခွင့်ပေးထားတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားလိုက်ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း ရိုဟင်ဂျာတချို့ကို လက်ခံပေးမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့အတူ စက်လှေတွေနဲ့ ထွက်ပြေးလာကြတဲ့အထဲက ၃ ပုံ ၂ ပုံကနေ ထက်ဝက်လောက်ရှိတဲ့ အရေအတွက်ဟာ မလေးရှားနဲ့ တခြားနိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်ကောင်း ရနိုင်ရေးအတွက် ထွက်ပြေးလာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG