သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နိုင်ငံသဘောတူညီမှုအရ ရိုဟင်ဂျာဒုက္ခသည်စာရင်းမှာ အချက်အလက်တွေလိုအပ်နေဟု မြန်မာတာဝန်ရှိသူတွေဆို


 ရိုဟင်ဂျာဒုက္ခသည်စာရင်းပြုစုနေစဉ်
ရိုဟင်ဂျာဒုက္ခသည်စာရင်းပြုစုနေစဉ်

ဘင်္ဂလားဒေရှ်က မြန်မာနိုင်ငံဘက်ကို ပေးပို့လာတဲ့ လူစာရင်းဟာ ၂နိုင်ငံသဘောတူထားတဲ့ အချက်အလက်တွေ မပါဝင်တာကြောင့် ပြန်လည်တောင်းခံထား တာမှာ ခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည် အကြောင်းပြန်လာတာ မရှိသေးဘူးလို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပေးလိုက်တဲ့ လူ ၈,၀၀၀ ကျော် စာရင်းထဲမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။ ပြန်လည်တောင်းခံထားတာ သတင်းတပါတ်ကျော် နီးပါးကြာပေမယ့် တဖက်နိုင်ငံ ဘက်က အကြောင်းပြန်လာတာမရှိသေးတဲ့အတွက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စိစစ်မှုဟာ နှောင့်နှေးနေရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အိုအေ မြန်မာပိုင်း သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ကနဦး စိစစ်ပြီး မြန်မာပြည်ထဲရေးဝန်ကြီးကို ပေးလိုက်တဲ့ လူစာရင်းထဲမှာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာထိုးတုန်းက ဒုက္ခသည်တွေ ပြန်လည်ခံရေးကိစ္စမှာ ပါဝင်ရမယ့် သဘောတူထားပြီး အချက်တွေမပါတာကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည် တောင်းခံထားတာ အခုဆိုရင် သီတင်းတပတ်ကျော် နီးပါးကြာလာပြီ ဖြစ်ပေမယ့် ခုထိ အကြောင်းပြန်မလာသေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ခုလိုပြောပြလာပါတယ်။

"ကျနော်တို့က နိုင်ငံခြားရေးရုံးကနေ တရားဝင်ပြောကြားထားပါတယ်။ သူတို့ဘက်ကတော့ ဒီcox's bazar မှာရှိတဲ့ ကော်မရှင်နာကို အကြောင်းကြားပြီး ရင် ကျနော်တို့ဘက်ကို ပြန်လည်အကြောင်းပြန်ပေးမယ် ပြောပါတယ်"

ဒုက္ခသည်ပြန်လက်ခံနိုင်ဖို့ ပြန်လက်ခံရေးအတွက် သတ်မှတ်ပုံစံမှာ လူတဦးချင်းဆီ လက်ဗွေ၊ မိသားစုဝင်ပုံတွေပါဝင်ရ ဆိုပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာမှာ သဘောတူ လက်မှတ်ထိုးထားပေမယ့် တကယ်တမ်းပေးပို့တဲ့အခါ အဲဒီအချက်တွေ ပါဝင်လာတာမရှိတာကြောင့် စိစစ်ရာမှာ ခက်ခဲမှုတွေ ရှိနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"လက်ရှိ စစ်ဆေးနေတာက ဘင်္ဂလားဒေရှ့်က ပို့တဲ့ အချက်အလက်တွေက MOU ထိုးတုန်းကနဲ့ တော်တာ်လေးလိုနေလို့ အဲဒါကြောင့် ကျနော်တို့အမှား အယွင်းဖြစ်မှာဆိုးလို့ အချိန်ယူစစ်နေတာ တော်တော်လေးကို တိုးတက်မှုနှုန်းကနှေးနေရတယ်။ အမှားအယွင်းတွေ မဖြစ်အောင် အတော်လေးလုပ်နေရ တဲ့ အနေအထားမျိုး ဖြစ်နေရတယ်။ လောလောဆယ် အချက်အလက်မပြည့်စုံဘဲ စစ်ထားရတော့ အထက်ကလည်း အတည်မပြုသေးတာဖြစ်လို့ စစ်ဆေးထားတာ ကျနော်တို့ပြောလို့မရသေးပါဘူး"

ဒ့ါအပြင် ပြန်လည်လာရောက်မယ့် သူတွေအနေနဲ့ အခုလိုပြန်လာတာဟာ ဘယ်သူတဦးတယောက်မှ ခြိမ်းခြောက်တာမပါဘဲ ကိုယ့်သဘောနဲ့ ပြန်လာတယ် ဆိုတာရယ် ပြန်လည်ရောက်ရှိချိန်မှာ အကြမ်းဖက်မှုတွေမှာ ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်တွေ ပါရမယ်လို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာမှာ သဘောတူထားခဲ့ပေမယ့် ဒီအချက်တွေ ပါဝင်လာတာလည်း မရှိခဲ့ဘူးလို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။

ဒီအချက်တွေတောင်းခံရတာဟာလည်း ပြန်လာတဲ့သူတွေအနေနဲ့ မိမိသဘောအရ လွတ်လပ်စွာ လာတာမျိုး ဖြစ်စေချင်တာအပြင် ပြန်ရောက်လာတဲ့ အခါမှာလည်း အကြမ်းဖက်မှုတွေ ထပ်မဖြစ်ဖို့ ရည်ရွယ်ပြီး တောင်းတာဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။ ဒီအပေါ်ဘင်္ဂလားဒေရှ့်ဘက်က သဘောတူလက်ခံထားပြီးပေမယ့် လူစာရင်းကို တကယ်ပေးပို့တဲ့အခါ ပါဝင်လာခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ရက်ထဲက စတင် လက်ခံဖို့ တရားဝင် ကြေငြာခဲ့ပေမယ့် ဘင်္ဂလားဒေရှ်ဘက်က စိစစ်ဆောင်ရွက်တာမပြီးသေးလို့ ခုချိန်ထိ လက်ခံနိုင်ခြင်း မရှိသေးပါဘူး။ ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးသွားသူ ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ ဒီဒုက္ခသည်တွေ အားလုံးကို ၂ နှစ် အတွင်း ဌာနေပြန်ရေး အပြီးသတ် ဆောင်ရွက်မယ့် အကြောင်း ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုထားတာပါ။

ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါ သူတို့အတွက် တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး၊ နောက် နေ့စဉ်လူနေမှုဘဝ လုံခြုံရေးနဲ့ လုပ်ငန်းခွင် လုံခြုံရေးတွေကို အဓိကထား ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေက တောင်းဆိုမှုတွေရှိနေသလို နိုင်ငံတကာဘက်ကလည်း အလားတူ တောင်းဆိုမှုတွေ ရှိနေတာပါ။

ဒီအပေါ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒုဝန်ကြီး ဦးစိုးအောင်က ပြန်လည်လက်ခံရေးမှာ နေ့စဉ်လူနေမှုဘဝ လုံခြုံရေးနဲ့ လုပ်ငန်းခွင် လုံခြုံရေးတို့အပြင် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ကျပ်ဘီလီယံချီပြီး ကုန်ကျခံကာ ပြန်လည်ထူထောင်ပေးဖို့ မြန်မာ အစိုးရဘက်က လုပ်ဆောင်နေတာတွေကို နိုင်ငံတကာဘက်က လက်ခံစေချင်တယ်လို့ ဆိုပါတယ်။

" အမျိုးသမီးတွေ ကလေးတွေဝင်လာတဲ့အခါမှာ သူတို့တွေနဲ့ဆိုင်တာကို အကောင်းဆုံးပံ့ပိုးနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနက ပြင်ဆင်ထားတယ်။ အဲဒီနေရာ တွေမှာ ကလေးပျော်နေရာတွေကိုလည်း ဒါမျိုးတွေကအစပြင်ဆင်စီစဉ်ထားတာ။ ပုံမှန်ရိက္ခာပေးတာတို့ အဝတ်အထည်ပေးတာတို့ Watch system တို့အပြင် အသက်မွေးဝမ်းကျောင်းအတွက်ကိုလည်း စိုက်ပျိုးရေးဆိုလဲစိုက်ပျိုးရေး၊ မွေးမြူရေးဆိုလဲမွေးမြူရေး လုပ်နိုင်ဖို့ ပြင်ထားတယ်။ ဒါအပြင်ကို ကိုယ့်အိမ်ကိုယ် နေဖို့ ဆောက်တာမှာ ကိုယ်ကလုပ်အားပေးဝင်ပါတာနဲ့ ဝင်ငွေရမယ်။ အဲဒီမှာလည်း သူတို့မလုပ်တတ်ဘူးဆိုရင် သင်တန်းတွေဘာတွေပေးဖို့ထိကို ကျနော်တို့ ပြင်ဆင်ပေးထားပါတယ်။"

ဒုက္ခသည် ပြန်ပို့တဲ့နေရာမှာ ပွင့်လင်း မြင်သာမှုရှိရေးအတွက် UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကြောင့်ကြည့်ခွင့် ပြုသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အနောက်နိုင်ငံတွေက တောင်းဆိုထားကြပါတယ်။

XS
SM
MD
LG