သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာသက်ကြီးပိုင်း အတွေ့အကြုံ


ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ သက်ကြီးပိုင်း အချို့ ဘင်္ဂလားဒေရှ့်ဘက်ကို ဒီရက်ပိုင်း အတွင်းမှာဘဲ ထွက်ပြေးလာခဲ့ကြပါတယ်။ ဘာကြောင့် ဖမ်းခံရမှန်း မသိဘဲ ထောင်ထဲမှာ အချိန်အတော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် တချို့ လွတ်မြောက်လာပေမယ့် ထောင်ထဲမှာ ကျန်နေသူတွေလည်း အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ Reuters သတင်းကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

နှစ်နဲ့ချီပြီး ထောင်ထဲမှာ ဖမ်းခံခဲ့ရတယ်လို့ ပြောလာသူကတော့ အသက် ၉၅ နှစ် အရွယ် Oli Ahmed ပါ။ သူနဲ့အတူ ဖမ်းခံရသူ တချို့ဆိုရင် ခြေကျိုး လက်ကျိုးနဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ သူတို့ကို စစ်တပ်က ဖမ်းခဲ့တာလို့လည်း သူက ပြောပါတယ်။

"၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရွာထဲကို စစ်သားတွေ ဝင်လာပြီး ပစ်ခတ်ပါတယ်။ နောက် ကျနော်တို့ အားလုံးကို စုခိုင်းပြီး မြေကြီးပေါ်မှာ လှဲနေခိုင်းပါတယ်။ မလှုပ်ဖို့လည်း ပြောပါတယ်။ ပြည်သူ့စစ်တွေက ကျနော်တို့ မျက်လုံးတွေကို တိပ်တွေနဲ့ ပိတ်လိုက်တာကြောင့် ဘာမှ မမြင်တော့ပါဘူး။"

"သားနှစ်ယောက်၊ ညီနှစ်ယောက်နဲ့ တူတယောက်လည်း တခြား ရွာက လူတွေ အပါအဝင် အားလုံးပေါင်း ၆၀ လောက် ဖမ်းခံရပါတယ်။"

"တညလုံး ကျနော်တို့ကို နှိပ်စက် ရိုက်နှက်ပါတယ်။ စားစရာ ရော ရေရော ဘာမှ မပေးပါဘူး။ နောက်နေ့ မနက်မှာတော့ ကျနော်ကို မောင်တောကို ခေါ်သွားပြီး တခြားသူတွေကိုတော့ ဘယ်ခေါ်သွားလဲ ကျနော် မသိပါဘူး။"

Oli Ahmed ကတော့ ဒီလ ၅ ရက်နေ့မှာ လွတ်လာတာလို့ ပြောပါတယ်။ သူလွတ်လာပေမယ့် ညီနှစ်ယောက်နဲ့ သားတွေကတော့ ထောင်ထဲမှာ ကျန်ခဲ့တဲ့ အကြောင်းလည်း ပြောပါတယ်။ မောင်တောဒေသခံ တဦးဖြစ်တဲ့ Rashid Ahmed ကတော့ ထောင်ထဲမှာ တနှစ်ကျော်ကြာ နေခဲ့ရတယ်လို့ ပြောပြပါတယ်။ အသက်ကြီးသူတွေနဲ့ နေမကောင်းသူတွေကို ဒီလထဲမှာ ပြန်လွှတ်ပေးနေတာလို့လည်း ပြောပါတယ်။ သူ့အနေနဲ့ကတော့ အိမ်ကလည်း မရှိတော့တာမို့ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာတာကလွဲလို့ တခြား လမ်းမရှိတော့ဘူးလို့ ပြောဆိုပါတယ်။

"၂၀၁၆ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျနော် အဖမ်းခံရပါတယ်။ လက်ထိပ်ခတ်ပြီး မျက်နှာကိုလည်း ပိတ်ထားပါတယ်။ အဲဒီနောက်မှာတော့ ကျနော့်ကို နယ်ခြားစောင့် လုံခြုံရေး စခန်း ရွက်ငိုတောင် ကို ခေါ်သွားပြီး တညလုံး အဲဒီမှာ ထားပါတယ်။ ထမင်းလည်း မကျွေး ရေလည်း မတိုက်ဘဲ မြေကြီးပေါ်မှာ လှဲခိုင်းထားတာပါ။"

"ထောင်ထဲမှာ ၁၇ လ နေခဲ့ရပါတယ်။ အသက် ၁၆ ၊ ၁၇ ဝန်းကျင် လူငယ်တွေလည်း ရှိတယ်၊ နောက် အသက် ၇၀ - ၈၀ ဝန်းကျင် လူကြီးတွေလည်း ထောင်ထဲမှာ တွေ့ခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့မှာတော့ ကျနော့်ကို ခွဲခေါ်လာပြီး မောင်တောကို ခေါ်လာပါတယ်။ ပြီးတော့ လွတ်လာတာပါ။ ပြီးတော့ ကျနော် ဘင်္ဂလားဒေရှ့်ကို ထွက်လာတာပါ။"

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည် လက်ခံရေး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ သဘောတူညီမှုရရှိထားပေမယ့် ဌာနေပြန်ရေး လုပ်ငန်းစဉ် မစတင်နိုင်သေးပါဘူး။ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံတွင်း သွားလာခွင့် ပိတ်ပင် ကန့်သတ်ခံထားရတဲ့ နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကတော့ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည် စခန်းတွေကို ဆက်ပြီး ထွက်ခွာလာနေဆဲ ဖြစ်ပါတယ်။

မောင်တောဒေသတွင်း ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေမှာတော့ အစိုးရဘက်က ရှင်းလင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ဂြိုဟ်တုက ရထားတဲ့ ဓာတ်ပုံတွေကို ကိုးကား ပြောဆိုကြပါတယ်။ ဒီလုပ်ဆောင်မှုဟာဆိုရင် ရိုဟင်ဂျာတွေရဲ့ ဆန္ဒမပါဘဲ သူတို့ရဲ့ ဘိုးစဉ်ဘောက်ဆက် မြေပေါ်မှာ ရိုဟင်ဂျာ မဟုတ်သူတွေကို နေရာချထားရေးနဲ့ လုံခြုံရေး ပိုပြီး တင်းကျပ်နိုင်ဖို့ အစိုးရက လုပ်နေတာလို့လည်း နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG