ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ်ဘဇားကို ရောက်ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မုတ်သုန်ရာသီ အတွင်း ပျက်စီးဘေးဒုက္ခတွေနဲ့ မကြုံရအောင် ကာကွယ်တားဆီးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ကုလသမဂ္ဂ အကူညီပေးရေး အဖွဲ့အစည်း တိုးမြှင့်ပြုလုပ်နေပါတယ်။
ဂျီနီဗာ ရောက် VOA သတင်းထောက် Lisa Schlein ရဲ့ သတင်းလွှာကို တင်ပြပေးပါမယ်။
ဒီကာလဟာ အချိန်လုပြီးလုပ်ရမယ့် အခြေနေပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမ ဆိုက်ကလုံးရာသီ ၂ ခုဟာ ရှေ့လထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။ နောက်ထပ် သုံးလလောက်ကြာရင် မုတ်သုံမိုး သီးထန်စွာရွာသွန်းတော့ တော့မှာ ဖြစ်ပြီး မုတ်သုံမိုးနဲ့အတူ ရေကြီးရေလျှံမှုတွေ ရောဂါဘယတွေ သယ်ဆောင်လာပါလိမ့်မယ်။
ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လက စလို့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်စ်ဘဇား ကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆သိန်း ၆သောင်း ၈ ထောင်လောက် အတွက်တော့ သတင်းဆိုးတွေပဲဖြစ်ပါတယ်။
သူတို့ဟာ အရင် အသုတ်တွေကတည်းက ရောက်ရှိနေပြီး ဖြစ်သလို စိတ်အားငယ်စွာ ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်း ငါးပိသိပ် ငါးချည်သိပ် နေ နေကြတဲ့ ဒုက္ခသည် ၂ သိန်းကျော်နဲ့ အတူတွဲပြီး နေထိုင်နေကြရတာပါ။
ရေကြီးရေလျှံဖြစ်နိုင်တဲ့နောတွေ၊ မြေပြိုကျနိုင်တဲ့ နေရာတွေမှာ နေထိုင်နေကြတဲ့ မိသားစုတွေကိုတော့ တခြားနေရာကို ပြောင်းရွှေ့နေကြဖို့ တိုက်တွန်းနေရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ရေးရာ ပြောခွင့်ရသူ Andrej Mahecic ကပြောပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြေနေရာက အကန့်အသတ်ရှိလို့ပါ။ အန္တရယ်အများဆုံးနေရာတွေမှာ နေနေကြရသူတွေကိုတော့ ဦးစားပေးရတာပေါ့လို့ သူကပြောပါတယ်။
" ဒီကနေ့ ကျနော်တို့စပြီးတော့ ပထမဆုံးအသုတ်အဖြစ် ရေကြီးရေလျှံနိုင်နိုင်တဲ့ နေရာတွေမှာ နေထိုင်နေကြတဲ့ မိသားစု ၅၀ ကို စိတ်ချမတဲ့ နေရာသစ်တခုကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ သူတို့ဟာ နောက်သတင်းပတ်အတွင်းမှာ ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားတဲ့ အိမ်ထောင်စု ၃၈၁ စု ထဲမှာ အပါအဝင်ဖြစ်ကြပါတယ်။ တခြားမိသားစုတွေကိုတော့ ဒုက္ခသည်များရေးရာ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တဲ့ IOM က ပြောင်းရွှေ့ပေးပါလိမ့်မယ်။"
သူတို့ရဲ့ နေအိမ်တွေ ရေတိုက်စားသွားမယ့် အရေးအပြင် တခြားကြီးကြီးမားမား စိုးရိမ်ဖွယ် ကောင်းတဲ့ ကိစ္စကတော့ ရေကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါဘယ တွေပဲဖြစ်ပါတယ်။ မုတ်သုန်မိုးသီးထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံ မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသည်းရောင်ရောဂါ တွေ ပြန့်ပွားတတ်သလို ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေး ရောဂါတွေလည်း ဖြစ်ပွားတတ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ကြီးနဲ့ အဖွဲ့ကြီးနဲ့ ပူးပေါင်းလုပ်ဆောင်သူတွေကို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ မုတ်သုန်ရာသီကို အကာကွယ်ပေးနိုင်အောင် ပြောင်းရွှေ့နေရာချထားပေးတာတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ခွင့်ပြုပေးခဲ့ပါတယ်။
WHO အဖွဲ့ကြီးဟာ ဒုက္ခသည်စခန်းတွေ အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ အဆောက်အုံပေါင်း ၂၇၀ မှာ လုပ်ဖေါ်ကိုင်ဖက် ၁၀၀ ကျော်နဲ့ ညှိနိုင်းပူးပေါင်းပြီး ကူညီ်ဆောင်ရွက်ပေးနေပါတယ်။