ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အကူအညီ အလုံအလောက်ပေးဖို့ ဘင်္ဂလားဒေရှ့်ဘက်က တောင်းဆိုလိုက်ပြီး ဒီလူတွေ ဌာနေပြန်ရေး မြန်မာဘက်က ထိထိရောက်ရောက်မလုပ်ဘူးလို့လည်း ပြောဆို သွားပါတယ်။ ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ ပယ်ဖျက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အမှုဆောင် ကော်မတီ ညီလာခံမှာ ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်ကြီး တင်ပြခဲ့တဲ့ အထဲကနေ မသိင်္ဂီထိုက် ကောက်နုတ်တင်ပြထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၁ သန်း ၁ သိန်းကျော် ရှိနေပြီး အကူအညီ အထောက်အပံ့တွေကလည်း မလုံမလောက် ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Shameem Ahsan ကပြောဆိုလိုက်ပြီး နိုင်ငံတကာဘက်က အကူအညီတွေ ထပ်တိုးပေးဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။
"ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး၊ နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာရုံးနဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေနဲ့ ဘင်္ဂလားဒေရှ့် အစိုးရ အနေနဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ဖို့ ခက်ခဲနေပါတယ်။ လိုအပ်ချက်ရဲ့ ၃၉ ရာခိုင်နှုန်းဘဲ ပြည့်မီပါတယ်။ အကာအကွယ်ပေးထားရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေမှာ လိုအပ်သလောက် ထောက်ပံ့ပေးနိုင်ဖို့ အားလုံးကို တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနဲ့ နှစ်ဘက် သဘောတူထားတဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ် လက်တွေ့ ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ ဌာနေပြန်ရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ အခြေအနေမျိုးကို မြန်မာဘက်က စိတ်ပါလက်ပါ ဆောင်ရွက်တဲ့ပုံ မတွေ့ ရပါဘူး။ ဒါကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ပြသနာတွေကို ဆက်ပြီး အလေးထားကြရမှာ ဖြစ်ပါတယ်။"
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ လက်ရှိ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ အစီအစဉ် အတွက် အမှုဆောင် ကော်မတီ ညီလာခံမှာ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက ပြောဆိုသွားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက လူပေါင်း သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာ တနှစ်ကျော်လာခဲ့ပြီး ဒီပြသနာကို ဖြေရှင်းရေး အတွက် ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ်ဘက်က အဆိုပြုချက် သုံးရပ် တင်ပြထားတာကိုလည်း ကုလဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက အခုလို ပြောဆိုသွားပါတယ်။
"ရိုဟင်ဂျာတွေ အပေါ် ခွဲခြား ဆက်ဆံတဲ့ ဥပဒေတွေ ၊ မူဝါဒတွေနဲ့ ဆောင်ရွက် ချက်တွေကို မြန်မာဘက်က အဆုံးသတ် ပယ်ဖျက်ပေးပြီး မောင်းထုတ်ခံနေရမှုတွေရဲ့ အကြောင်းရင်းတွေ ကို ရိုးရိုးသားသားနဲ့ အချိန်မီ အရေးတယူ ဆောင်ရွက်ဖို့က ပထမ အချက် ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ရိုဟင်ဂျာတွေ ယုံကြည်မှု ရှိလာအောင် အကာအကွယ်ပေးရေး အာမခံချက်ပေးရမှာ ဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့် လမ်းကြောင်းကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက အရပ်သား အားလုံးကို ကာကွယ်ပေးဖို့ အတွက် ဘေးကင်းဇုံတခုကို လိုအပ်ရင် ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ တတိယ အချက် အနေနဲ့ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က တိုက်တွန်းချက် အရ ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပြီး နောက်ထပ် မဖြစ်အောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။"
ဘင်္ဂလားဒေရှ့်မှာ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ မြန်မာဘက်က သဘောတူထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်သင့်မခံပါဘူး။ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုး ဆောင်ရွက်နေတဲ့ အပေါ် ကြိုဆိုတယ်လို့လည်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး Shameem Ahsan က ပြောဆိုသွားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေးအတွက် အဓိက ကျတဲ့ ပြဿနာတွေကို သတိပြုဖို့လည်း ကုလသမဂ္ဂကို တိုက်တွန်းသွားပါတယ်။
"အခွင့်အရေး ကိစ္စကို အခြေခံ မဖြေရှင်းဘဲ ဖွံ့ဖြိုးတိုးတက်ရေး တခုတည်းနဲ့သာ ကြားဝင်ဖြေရှင်းမယ်ဆိုရင်တော့ အကြိမ်ကြိမ် ပြန်ဖြစ်နေတဲ့ ကာလရှည် ပြဿနာကြီးကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ လူထု အပေါ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုနေတဲ့ အခြေခံ အကြောင်းရင်းကိုထိထိရောက်ရောက် ဖြေရှင်းရမှာ ဖြစ်ပါတယ်။"
ဒီကနေ့ ညနေပိုင်းမှာလည်း ဂျီနီဗာမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အထူးစည်းဝေးပွဲ တရပ် ကျင်းပဖို့ ရှိနေတာပါ။ ဂျီနီဗာမှာ ကျင်းပနေတဲ့ ဒုက္ခသည် အရေး ညီလာခံမှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးလည်း တက်ရောက်နေတာပါ။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ အတွက် မြန်မာ အစိုးရဘက်က ပိုင်းဖြတ် လုပ်ဆောင်နေတယ်လို့ ၀န်ကြီးက ပြောဆိုသွားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ အပေါ် စုံစမ်း အရေးယူမယ်လို့လည်း ကတိပြုသွားပါတယ်။