သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုးဒဏ်ခံရသည့် ရိုဟင်ဂျာဒုက္ခသည်တွေအရေး Guterres စိုးရိမ်


မုတ်သုံရာသီဒဏ်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံ ရာသီဒဏ်ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုနဲ့ လူပေါင်းထောင်ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်က အရေးပေါ် တုံ့ပြန် ဆောင်ရွက်နေကြချိန်မှာဘဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုလို တိုက်တွန်းလိုက်တာပါ။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သွားရောက်ခဲ့စဉ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြောပြကြတဲ့ မြန်မာနိုင်ငံတွင်း ရင်ဆိုင်ခဲ့ရတဲ့ အတိဒုက္ခတွေ အကြောင်းကို စိတ်ထဲမှာ ဖျောက်ဖျက်မရဘဲ ရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနလာၤနေ့မှာ တွစ်တာ လူမှုကွန်ယက်မှာ ပြောဆိုလိုက်တာပါ။ တနှစ်ကြာလာပြီးချိန်မှာလည်း မုတ်သုံရာသီကြောင့် သူတို့ ခိုလှုံရာ အိမ်တွေ ပျက်စီးမယ့်အရေး ခြိမ်းခြောက်ခံနေရတယ်၊ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်တွေကို မုန်သုံ ကြောင့် ပျောက်ပျက်သွားဖို့ ခွင်မပြုနိုင်ပါဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံက လူပေါင်း ၉ သိန်းကျော် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံရာသီဒဏ်ကြောင့် မြေပြိုကြပြီး တဦးသေဆုံး၊ လူပေါင်း ၄၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အကူအညီပေးရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ မိုးရွာသွန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က စလို့ မြေပြိုကျတာလို့ ကုလသမဂ္ဂက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်း မုတ်သုံရာသီဒဏ် ခံနိုင်ရေး ပြင်ဆင်ထားတဲ့ အခြေအနေ ကိုလည်း UNHCR ပြောခွင့်ရ Charlie Yaxley က အခုလို ပြောဆိုသွားပါတယ်။

“ကျနော်တို့ရဲ့ အရေးပေါ် တုံ့ပြန်ကူညီရေး အဖွဲ့တွေကလည်း ဘေးဒဏ်ခံရနိုင်ဆုံးနဲ့ ဦးစားပေး ကူညီဖို့ လိုအပ်သူတွေကို ဖော်ထုတ်ထားပါတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို ခိုင်ခိုင်မာမာ ဖြစ်အောင် ပြန်လည် ပြင်ဆင် တည်ဆောက်ရေး ကူညီဖို့ အရေးပေါ် ပစ္စည်းတွေကိုလည်း ဖြန့်ဝေထားပါတယ်။

ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေ ဦးဆောင်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အနေနဲ့ UNHCR၊ နောက် WFP နဲ့ IOM အပါအဝင် မိတ်ဖက် အဖွဲ့အစည်းတွေက မုတ်သုံရာသီအတွက် ဦးစားပေး အဖြစ် ပြင်ဆင်ထားပါတယ်။ တောင်စောင်းတွေက အဆောက် အအုံတွေ ထိန်းသိမ်းမှု၊ ရေစီးရေလာ ကောင်းအောင်နဲ့ လမ်းတွေ တံတားတွေ တည်ဆောက်မှုတို့ ပါဝင်ပါတယ်။ ရေပေးဝေမှုကို ထိန်းထားနိုင်ဖို့နဲ့ မုတ်သုံမိုးကို သိုလှောင်နိုင်ဖို့ အတွက် ရေလှောင်ကန်တွေလည်း တည်ဆောက်ထားပါတယ်။ အထူးသတိထား စောင့်ကြည့်နေဆဲ ဖြစ်ပြီး ကျနော်တို့ရဲ့ ဒုက္ခသည် အကူအညီပေးရေး ကွန်ရက်နဲ့ မိတ်ဖက်တွေ အနေနဲ့ လိုအပ်လာရင် နောက်ထပ် အရေးပေါ် တုံ့ပြန်ကူညီရေး အဖွဲ့တွေ ချပေးဖို့လည်း အဆင်သင့် ရှိပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ လူသားချင်းဆိုင်ရာ ပဋိပက္ခကို ပူးပေါင်း တုံ့ပြန်ရေး အစီအစဉ် ၂၀၁၉ ခုနှစ် အတွင်း လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၉၂၀ ထဲက သုံးပုံ တပုံဖြစ်တဲ့ ဒေါ်လာ ၃၀၁ သန်းကိုဘဲ ဘင်္ဂလားဒေရှ့် ရရှိထားပါသေးတယ်။”

စခန်းပေါင်း ၃၀ လောက်မှာ လေပြင်းဒဏ် သင့်ခဲ့ရပြီး အသက် ၅၀ ကျော် အရွယ် အမျိုးသမီး တဦးကတော့ ပြိုကျတဲ့ နံရံနဲ့ ရိုက်မိတာကြောင့် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ဝန်ထမ်း Areez Rahman က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က no man’s land မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၅၀၀၀ လောက်လည်း လေပြင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပါတယ်။ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ဆက်သွယ်ဆောင်ရွက်ရေး တာဝန်ခံ Faria Selim ကတော့ အခုလို ပြောပါတယ်။

“UNICEF နဲ့ မိတ်ဖက် အဖွဲ့တွေက စခန်း ၃၄ ခုစလုံးက အပျက်အစီးတွေကို စပြီး ခန့်မှန်း တွက်ချက်နေပါတယ်။ ဒုက္ခသည် စခန်းတွေထဲက မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကြောင့် ထိခိုက်မှုတွေကို တိုက်ရိုက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အသိုင်းအဝိုင်း အတွင်း ဆက်သွယ်ဆောင်ရွက်ရေး ယန္တရား တွေလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။”

ဆက်တိုက် မိုးရွာသွန်းမှုကြောင့် တောင်စောင်းတွေ ပြိုကျပြီး လမ်းတွေ ပိတ်ကုန်ပါတယ်။ လူတွေ အပြင်သွားဖို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေလို့ စားဖို့သောက်ဖို့ပါ အခက်တွေ့နေရတယ်လို့လည်း ရိုဟင်ဂျာ ဒုက္ခသည် တဦး ဖြစ်တဲ့ Dhola Banu က ပြောပါတယ်။

“သွားရေး လာရေး အတွက် ပို့ဆောင်ပေးမယ့်ယာဉ် လိုပါတယ်။ ကလေးတွေ အပြင်မသွားနိုင်ကြပါဘူး။ မိုးကြောင့် အိမ်တွေလည်း ပြိုကျပါတယ်။ မိုးရွာနေလို့ ချက်ပြုတ် စားသောက်လို့လည်း မရပါဘူး။ နောက် ထင်းလည်း မရှိပါဘူး။ ထင်းလည်း လိုပါတယ်။”

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ဘက်ကလည်း မုန်သုံမိုးဒဏ်သင့်ပြီးနောက်ပိုင်း လူပေါင်း ၅ ထောင် အတွက် စားနပ်ရိက္ခာ ထောက်ပံ့ထားကြောင်း၊ နောက်တကြိမ် ရိက္ခာ ဖြန့်ဝေမှုကို အချိန်စောပြီး စတင်မှာ ဖြစ်ပြီး လူပေါင်း ၁ သိန်း ၆ သောင်းကျော် အတွက် အရေးပေါ် ကျွေးမွေးနိုင်ဖို့ ၆၅ မက်ထရစ် တန်ချိန်ရှိတဲ့ စွမ်းအားမြှင့် ဘီစကစ်တွေ ပြင်ဆင်ထားရှိကြောင်းလည်း WFP ပြောခွင့်ရက ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ Mohammad Abul Kalam ကလည်း အရေးပေါ် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG