သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ပထမအသုတ် ဌာနေပြန်ပို့ရေး ကုလ နဲ့ ကန် စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေထဲက တချို့ကို မြန်မာနိုင်ငံကပြန်ပြီး လက်ခံ မယ့်အစီအစဉ်နဲ့ပတ်သက်လို့ စိတ်ချရတဲ့အခြေအနေမရှိသေးဘူးဆိုပြီး ကုလသမဂ္ဂအပါအ၀င်နိုင်ငံတချို့က စိုးရိမ်ပူပန်နေ ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေကြတဲ့ ရိုဟင်ဂျာတွေတောင် လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားခွင့်မရှိပဲဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်း ကိုကျော်အောင် လွင်က ဆက်ပြောပါလိမ့်မယ်။

ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ သူတို့ကိုယ်တိုင် လိုလိုလားလားပြန်ချင်တဲ့အခြေအနေမျိုး ဖြစ် သင့်တယ်။ စိတ်ချရတဲ့အခြေအနေတွေရှိမရှိ ကိုယ်တိုင်သိပြီးဆုံးဖြတ်နိုင်အောင် ဒုက္ခသည်တွေကို ကိုယ့်နေရပ်ပြန်ပြီး လေ့လာခွင့်ပေးသင့်တယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandiရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့လက်ထောက်ပြော ခွင့်ရပုဂ္ဂိုလ် Farhan Haqက မနေ့ကပဲ သတင်းစာရှင်းလင်းပွဲမှာ ပြန်ရှင်းပြပါတယ်။

" UNHCR မဟာမင်းကြီးပြောတာက နေရပ်ရင်းကိုပြန်လာဖို့မြန်မာဘက်က အသိအမှတ်ပြုခံထားရတဲ့ဒုက္ခသည်တွေ အနေနဲ့ ပြန်မလား မပြန်ဘူးလားဆိုတာကိုဆုံးဖြတ်နိုင်ဖို့ သူတို့ရဲ့နေရပ်ရင်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုပဲဖြစ်ဖြစ် ပြန်ချင်တဲ့နေရာအဖြစ် သူတို့ရွေးချယ်မယ့်တခြားနေရာတွေကိုပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်မချခင် သူတို့ကို သွားရောက် လည်ပတ်ခွင့်ပေးသင့်ပါတယ်။ သူတို့တွေ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစိတ်ချမှုရှိရှိနဲ့ပြန်လာနေလို့ရမလားဆိုတာ သူတို့ ကိုယ် တိုင်လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်ခွင့်ရှိသင့်ပါတယ်။"

UNHCR အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေပြန်လာပြီးနေထိုင်နိုင်ရေး အခြေအနေတွေက စိတ်မချ ရသေးဘူးလို့ယူဆနေကြောင်း UNHCR မဟာမင်းကြီးရဲ့ကြေညာချက်ထဲမှာဖေါ်ပြထားတယ်လို့ဆိုပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာကြမယ့်ဒုက္ခသည်အတွက် ရခိုင်ပြည်နယ်အတွင်းကလက်ရှိအခြေအနေတွေဟာ လိုလို လားလားနဲ့ပြန်လာနိုင်မယ့်အခြေအနေတွေ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်ပြန်ပြီးနေထိုင်နိုင်မယ့်အခြေအနေတွေရှိနေတယ်လို့ UNHCR ဘက်က မယုံကြည်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုအခြေအနေတွေရှိလာအောင်မြန်မာအစိုးရဘက်က ဖန်တီးပေးရေး ကိစ္စကို UNHCRဘက်က သဘောတူစာချုပ်ထဲမှာပါတဲ့အတိုင်းဆက်ပြီး အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။"

အမေရိကန်အစိုးရကလည်း ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်က အချိန်မတန်ခင်မှာလုပ်သလို ဖြစ်နေ တယ်လို့ယူဆပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံလုံးက အဆင့်အမြင့်ဆုံးအရာရှိတွေကိုအ သိပေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြ ထားပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြစ်ရမယ်၊ ကိုယ့်သဘောနဲ့ ကိုယ်ပြန်တာဖြစ်ရမယ်၊ စိတ်ချလုံခြုံပြီး၊ ဂုဏ်သိက္ခာရှိရှိပြန်ရတာမျိုးဖြစ်ကြောင်း အသိပေးရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ရာနဲ့ထောင်နဲ့ချီရှိနေတဲ့ရိုဟင်ဂျာ တွေအနေနဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ခံနေရတဲ့အချက်ကလည်းအရေးကြီး တဲ့အချက်တခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးရဲ့ပြောဆိုချက်ကို ကိုးကားပြီး နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် The Wall Street Journal က ဆောင်းပါးတပုဒ်မှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ချီထွက်ပြေးခဲ့ ကြပြီး ပထမဆုံးအသုတ်အဖြစ် ဒုက္ခသည်၂၂၁၅ယောက်ကို နိုဝင်ဘာလ ၁၅ရက်ကနေ့စပြီး မြန်မာနိုင်ငံက ပြန် လက်ခံဖို့စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စဖြစ်မဖြစ်ဆိုတာက ဘင်္ဂလားဒေ့ရှ်ဘက်ကတုန့်ပြန်မှုအပေါ်မူတည် တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

"အဲဒီတုန်းကပြောလိုက်တာကတော့ Mid November ပဲ ဆိုတော့ ၁၅ရက်နေ့ပေါ့။ သို့သော်လည်း အဲဒီ၁၅ရက်နေ့မှာ ဖြစ်မယ် ၊ မဖြစ်မယ်ဆိုတာကတော့ တဘက်နိုင်ငံရဲ့ တုံ့ပြန်မှုအပေါ်မှာမူတည်တယ်။ ကျနော်တို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်ရမယ်။တကယ်လည်း လုပ်ထားပါတယ်ခင်ဗျာ"

မြန်မာနိုင်ငံကိုပြန်လာကြမယ့် ရိုဟင်ဂျာတွေအနေနဲ့ယာယီလက်ခံရေးစခန်းတွေမှာလောလောဆယ်နေထိုင်ကြမှာဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားတွေကိုလည်းထုတ်ပေးမှာပါ။ ဒီကဒ်ပြားကိုင်ဆောင်သူဟာ မောင်တောမြို့နယ်အတွင်းသွားလာခွင့်ရှိမှာဖြစ်ပါ တယ်။ဒီကဒ်ပြားကိုင်ဆောင်သူအနေနဲ့ ပြီးခဲ့တဲ့နှစ်အကြမ်းဖက်မှုတွေအတွင်း သူ့ရဲ့နေအိမ်အဖျက်အစီးခံခဲ့ရတယ်ဆိုရင် ကိုယ့်ရဲ့နေရာကို ပြန်လာခွင့်ရှိပြီး အိမ်ဆောက်ပိုင်ခွင့်လည်းရှိမှာဖြစ်ပါတယ်။ မြန်မာဘက်ကအခုလိုကမ်းလှမ်းချက်တွေကို ရိုဟင်ဂျာတော်တော်များများကတော့ လက်မခံကြပါဘူး။ သူတို့အတွက် မြန်မာနိုင်ငံသားဖြစ်ခွင့်အပြည့်အ၀ပေးသင့်တယ် လို့တောင်းဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG