သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးပဋိပက္ခကြောင့် မိတ်ဆွေချင်းခွဲခွါရ


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မူဆလင်လူမျိုးများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မူဆလင်လူမျိုးများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေအတွင်း လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းတစ်သိန်းကျော်ဟာ ပြောင်းရွှေ့နေထိုင်ကြရပါတယ်။ ဒီ ပဋိပက္ခတွေကြောင့် ရခိုင် ဗုဒ္ဓ ဘာသာတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကြားက ဆက်ဆံရေးဟာ မိတ်ဆွေအဖြစ်ကနေ ရန်သူအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf ရခိုင်ပြည်နယ်က သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပါမယ်။

လူမျိုးစု ၂ စုအကြား ပဋိပက္ခတွေ မဖြစ်ခင်အထိ ရခိုင်ပြည်နယ်ထဲက ဒီမြို့သူကြီးရွာလေးမှာ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ ရိုဟင်ဂျာ မူဆလင် မိသားစု ၇၀ လောက်ဟာ အတူနေထိုင်ခဲ့ကြတာပါ။ ရွာသူကြီး ဦးကျော်အောင်ဟာဆိုရင်လည်း ဒီရွာလေးမှာ ရိုဟင်ဂျာတွေနဲ့ အတူနေထိုင်ပြီး အလုပ်လုပ်ကိုင်သူပါ။ ဒါပေမယ့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဆိုတဲ့ ပြောဆိုမှုအပေါ်အခြေခံပြီး အခုအခါမှာ သူဟာ ဘင်္ဂါလီဆိုပြီး သုံးစွဲပါတယ်။

“ကျနော်တို့ ဖက်စပ်ပြီးတော့ စက်လှေထောင်တယ်။ ငါးအရောင်းအဝယ်လုပ်တယ်။ တံငါလှေထွက်တယ်။ ငါးရောင်းတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည်ရောင်းတယ်။ ညဆို မနက်ရော၊ ညရော နေကြတယ်။ ၁၁နာရီ၊ ၁၂နာရီမှ သူတို့ အိမ်ပြန်အိပ်ကြတယ်။ လှေရောက်ရင်လည်း သူတို့ လက်ဘက်ရည်ဆိုင်ဝင်ပြီးမှ သောက်ကြတယ်။ ဆွေမျိုးတွေလို နေလာကြတာ။

ရိုဟင်ဂျာတဦးဖြစ်တဲ့ မောင်ဖြူနဲ့ ရခိုင်အမျိုးသားတဦးဖြစ်တဲ့ ဦးကျော်အောင်ဟာ အနှစ် ၅၀ ကျော် အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါ။

“ သူတို့မိသားစုနဲ့ ကျနော်တို့ မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ မိသားစုပဲ။ ညီရင်းအစ်ကိုလို ကောင်းကောင်း ရင်းနှီးပါတယ်။ သူ့အိမ်မှာ သွားထမင်းစားလိုက်၊ သူ ကျနော်တို့ဆီမှာလာတယ်။ သူ ကျနော်တို့ဆီ ဝင်စားလိုက်ပါပဲ။”
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လထဲကစလို့ မူဆလင်တွေက ရခိုင်အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့တာကနေ လက်စားခြေတိုက်ခိုက်မှုတွေဖြစ်ပြီး ရခိုင်ပြည်နယ် တလျောက်လုံး တဘက်နဲ့တဘက် တင်းမာမှုတွေဖြစ်ခဲ့တာပါ။

“ ဟိုမှာဖြစ်နေတော့ သူ့ကို ကျနော်တို့မျက်စိအောက် အခုတ်မခံချင်ဘူး။ သူတို့သားသမီး၊ သူတို့သားမယား ခုတ်ရင် ကျနော်တို့ မျက်စိရှေ့ မြင်နေရမယ်။ ဘာလုပ်မလဲ။ မနေနဲ့တော့ မင်းတို့ ဒီမှာသေကုန်မယ်။ မနေနဲ့တော့လို့ပြောလိုက်တယ်။ ဒါစေတနာသပ်သပ်နဲ့ပြောတာ။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ လမ်းတွေကိုရှောင်ပြီး ဦးကျော်အောင်ဟာ မောင်ဖြူတို့မိသားစုကို ကမ်းစပ်ကလှေရှိရာကို လိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီနေရာကနေ ရွာမီးလောင်နေတာကိုလည်း သူတို့ မြင်တွေ့ခဲ့တာပါ။
ခုတော့ မောင်ဖြူတို့မိသားစုဟာ စစ်တွေမြို့နားက ကယ်ဆယ်ရေးစခန်းတခုမှာ တခြားရိုဟင်ဂျာတွေနဲ့အတူ နေထိုင်နေကြပါတယ်။

ဦးကျော်အောင်က သတိပေးတဲ့အတွက် အခုလို ရှောင်တိမ်းလွတ်မြောက်လာရပေမယ့် အရင်လိုပြန်နေနိုင်ဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ မောင်ဖြူရဲ့ သား ကျော်မျိုးက ပြောပါတယ်။

“ဘယ်တခါမှ ရခိုင်သားတွေနဲ့ ရန်ဖြစ်ခဲ့တာ မရှိပါဘူး။ ရင်းရင်းနှီးနှီးနေပါတယ်။ တတ်နိုင်သလောက် အနစ်နာခံပြီး ကျနော်တို့က ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ကျနော်တို့ သူတို့နဲ့ ပေါင်းဖက်နိုင်တော့မယ်မထင်ပါဘူးဗျာ။”


ဒီအကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အဒိကအကြောင်းရင်းကတော့ တူညီတဲ့ အခွင့်အရေး မရှိတာတွေရယ် ရိုဟင်ဂျာဆိုတာကို လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုတာကနေ စတင်တာဖြစ်တယ်လို့ ကျော်မျိုးက ပြောပါတယ်။ ဒါကို သူ့ဖခင် မောင်ဖြူကလည်း ထောက်ခံပါတယ်။

“ နိုင်ငံသားပဲ ကျနော်တို့ လိုချင်တယ်။ ကျနော်တို့ အဖိုးလည်း ဒီမှာမွေးတယ်။ ကျနော်တို့အဖွားလည်း ဒီမှာမွေးတယ်။ ကျနော်တို့လည်း ဒီမှာမွေးတယ်။ ၆၂နှစ်ရှိပြီ။ ကျနော်တို့ နိုင်ငံသားပဲ လိုချင်တယ်။


လူမျိုးစု ၂စုကြားက ပဋိပက္ခတွေကြောင့် ခင်မင်ရင်းနှီးကြတဲ့ မိသားစု ၂ စုဟာ ကွဲကွာနေပေမယ့် တယ်လီဖုန်းကနေ ပုံမှန်အဆက်အသွယ်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြတဲ့သူ နှစ်ဦးကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေတော့ရှိပါတယ်။ အဲဒါကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူတွေဟာ တခြားရွာက ဘင်္ဂလီတွေပါလို့ ဦးကျော်အောင်က ပြောပြီးဒါဟာရခိုင်ဗုဒ္ဓဘာသာတွေရဲ့လက်ချက်ဖြစ်တယ်လို့ မောင်ဖြူက
ပြောတာ ဖြစ်ပါတယ်။
XS
SM
MD
LG