သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းရိုဟင်ဂျာအရေး အပြန်အလှန်တုန့်ပြန်မှုများ


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

ရခိုင်မြောက်ပိုင်းက AA နဲ့ စစ်ကောင်စီအကြား စစ်ရေးပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တွေနဲ့ အပြန်အလှန် ပြစ်တင်နေပါတယ်။ တိုက်ပွဲကာလအတွင်း ရိုဟင်ဂျာတွေအပေါ် AA အာရက္ခတပ်တော်က ကျူးလွန်မှုတွေရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပြီး ထုတ်ပြန်ခဲ့ကြသလို၊ ဒီအပေါ်မှာ AA ဖက်ကရော တခြားအဖွဲ့အစည်းတွေကပါ တန်ပြန်ကန့်ကွက်နေကြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာကိစ္စတွေနဲ့ ပတ်သတ်ပြီး တော်လှန်ရေးအင်အားစုတချို့နဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ကို ကန့်ကွက်တယ်ဆိုပြီး ဂျပန်ရောက်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၁ဝခုက တနေ့က ထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင် အားစုတချို့ ပါဝင်တဲ့ အဖွဲ့အစည်း ၁၉၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိ အခြေအနေကို သေချာတိတိကျကျ လေ့လာစုံစမ်းထားတာမရှိသလို အခြေအမြစ်မရှိတဲ့သတင်းအချက်အလက်တွေဖြစ်တယ်ဆိုပြီး ဂျပန်ရောက် အရပ်ဖက်အဖွဲ့ ၁၀ ဖွဲ့က ပြောပါတယ်။ AA အာရက္ခတပ်တော်ရဲ့ တုန်ပြန်ချက်မှာလည်း အဖွဲ့အစည်းပေါင်း ၁၉၅ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိအခြေအနေတွေနဲ့ ကွဲလွဲနေတာကြောင့် ကန့်ကွက်ကြောင်းထုတ်ပြန်သလို၊ အခု ထုတ်ပြန်ချက်မှာ ပါဝင်တဲ့အဖွဲ့အစည်းတွေနဲ့ တာဝန်ခံတွေကို မှတ်သားထားတယ်လို့ဆိုထားတာပါ။ AA ဖက်က အခုလို တုန့်ပြန်ချက်ဟာ ဖြေရှင်းဖို့ထက် ခြိမ်းခြောက်မှုအသွင်ပိုဆောင်တယ်လို့ လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“ဖြစ်ရပ်တခုကို ကျမတို့ ကြည့်မယ်ဆိုရင် စွပ်စွဲချက်တွေ ရှိလာတယ်ဆိုရင် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ အဖွဲ့အစည်းအနေနဲ့ ဒီဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ စုံစမ်းစစ်ဆေးရေးလုပ်တာတွေ၊ အခုလောလောဆယ် ကျမတို့ ကြေငြာချက်တွေကို ကြည့်မယ်ဆိုရင် အဓိက တွေ့ရတာ စုံစမ်းစစ်ဆေးပေးပါ၊ သတင်းတွေကြားနေရတယ် ဒီလိုမဖြစ်ဖို့ ကာကွယ်ပေးပါ ဆိုတဲ့ အနေအထားပြောတာ။ ဒီထုတ်ပြန်ချက်ပေါ်မှာ ပြင်းထန်စွာတုန့်ပြန်တာ တွေမြင်ရတယ်။ အထူးသဖြင့် Arakan Army ကနေမှ ထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ခံတွေကို မှတ်သားထားတယ်ဆိုတာမျိုးတွေ ဒီလိုမျိုးခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေ ထည့်လာတာက ကျမတို့တော်လှန်ရေး အတော်လေးကို ဆုတ်ယုတ်စေတယ်၊ ဘာလို့လည်းဆိုတော့ လက်နက်ကိုင်ထားတဲ့ အစုအဖွဲ့အနေနဲ့ အရပ်သားအစုအဖွဲ့တွေကို အခုလို ခြိမ်းခြောက်တာက ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်တယ်။ ဒါအာဏာရှင် အဖွဲ့အစည်းတွေပဲ လုပ်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်လို လူမျိုးဘာသာရေး ပဋိပက္ခတွေဖြစ်တတ်လေ့ရှိတဲ့ဒေသမှာ ဦးဆောင်မယ့် အစုအဖွဲ့တခုအနေနဲ့ နိုင်ငံရေးအရ သဘောထားကြီးဖို့ လိုအပ်ကြောင်းလည်း သူကထောက်ပြပါတယ်။ ရခိုင့်အရေးလေ့လာသုံးသပ်သူ ရခိုင်ဒေသလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ အရပ်ဖက်အဖွဲ့ ၁၉၅ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ တော်လှန်ရေးပြင်းထန်နေချိန်မှာ ‌AA ကို နှောက်ယှက်ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

“မြေပြင်အခြေအနေနဲ့ သူတို့ထုတ်ပြန်တာက တကယ့်ကိုလွဲနေတယ်၊ တကယ်တိတိ ကျကျဖြစ် ဖို့ အချိန်လည်း သူတို့မှာ မလုံလောက်ဘူး၊ အဲဒီအဖွဲ့အစည်းဆိုတာကလည်း တချို့က လေးငါးယောက်လောက်ပဲရှိတယ်၊ ဆယ်ကိုးယောက်ပဲရှိတယ်၊ တချို့ကလည်း နာမည်လောက်ရှိပြီးတော့ လက်တွေ့မြေပြင်မှာ ဘာမှမလုပ်တဲ့ အဖွဲ့အစည်းတွေပေါ့၊ ကြေငြာချက် ထုတ်ဖို့လောက်ပဲ တခါတခါ ဝန်းရံတဲ့အဖွဲ့တွေ ပြီးတော့ အဖွဲ့အစည်းတခုရဲ့ ကိုယ်ပွားတွေလည်းဖြစ်နိုင်တယ်။ ဒါ့ကြောင့်လည်း တပြိုင်နက် ကြေညာချက်ထုတ်တဲ့ထဲမှာ သဘောတူခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တချို့အဖွဲ့အစည်းတွေက ကြေညာချက်က နုတ်ထွက်ပြီးတော့ ပြည်သူကို တောင်းပန်တာတွေလည်းရှိခဲ့တယ်၊ ခြုံပြောရ ရင်တော့ ဒီကြေညာချက်ဟာ AAက တော်လှန်ရေးမှာ ပြင်းပြင်းထန်ထန်တိုက် ခိုက်နေတဲ့အချိန် အနှောင့် အယှက်ပေးဖို့ ဖိအားပေးဖို့အတွက် နို်င်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ခဲ့တဲ့ ကြေညာချက်ဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်ခင်မျာ။”

လက်ရှိမှာတော့ ဘူးသီးတောင်မြို့တခုလုံးကို AA က သိမ်းပိုက်ထားပြီး စစ်ဘေးရှောင်လာတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို အာရက္ခတပ်တော်က လူသားချင်းစာနာအကူအညီပေးစောင့်ရှောက်ထားတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်စခန်းတချို့ရှိနေသေးတဲ့ မောင်တောမြို့နယ်ကိုလည်း AA ကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“ဒီနေ့အခြေအနေကတော့ ဘူးသီးတောင်က ULA/AAအောက်ကို ရောက်သွားလို့ အေးအေး ဆေးဆေးဖြစ်သွားပြီလို့သိရတယ်၊ နယ်တွေကိုလည်း AAက ထိန်းထားတယ်။ မွတ်ဆလင်တွေကိုလည်း ကောင်းကောင်းမွန်မွန် စစ်ဘေးဒုက္ခသည်အဖြစ် စောင့်ရှောက် ထားတယ်၊ ဒါကတော့ ကျနော်တို့ ဓာတ်ပုံမှတ်တမ်းတွေရော ဗွီဒီယိုဖိုင်တွေရာ သတင်းမီဒီယာတွေမှာ ရော ကျနော်တို့ တွေ့နေရတဲ့ အခြေအနေဖြစ်တယ်၊ မောင်တောကို တော့ ဝိုင်းထားတယ်၊ တပ်မတပ်ရင်း လေးငါးခုလောက် ရှိသေးတယ်လို့ သိရတယ်။ဘယ်အချိန် ဘယ်လိုနည်းဗျူ ဟာတွေနဲ့ တိုက်မလဲဆိုတော့ ကျနော်လည်းမပြောတတ်ဘူး။”

ဘူးသီးတောင် မောင်တောမြို့နယ်တွေမှာ ဖုန်းနဲ့ အင်တာနက်တွေ ပိတ်ခံထားရတာမို့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံရိုဟင်ဂျာတွေကိုရော ရခိုင်ဒေသခံတွေကိုပါ ဆက်သွယ်မေးမြန်းရခက်နေပါတယ်။ အာရက္ခတပ်တော် AAရဲ့ ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင် မောင်တောမြို့နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းနီးပါးရှိပြီး၊ အဲဒီထဲက ၈ဝရာခိုင်နှုန်းဟာ ရိုဟင်ဂျာတွေနဲ့ ကျန်တဲ့ ၂ဝရာခိုင်နှုန်းဟာ ရခိုင်နဲ့ တခြားမျိုးနွယ်စုတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်လာသူတွေကို AA ထိန်းချုပ် နယ်မြေတွေမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်တဲ့ လူသားချင်စာနာမှုအကူအညီတွေနဲ့ ဆေးဝါးကုသမှုတွေ ပေးထားလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG