သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ခြမ်း နယ်စပ်လက်ခံရေးစခန်းများ ဖွင့်လှစ်ထား


Unchiprang ဒုက္ခသည်စခန်းတွင်း နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဆန့်ကျင်ကြွေးကြော်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)
Unchiprang ဒုက္ခသည်စခန်းတွင်း နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဆန့်ကျင်ကြွေးကြော်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့ ဒီကနေ့မှာ စလုပ်ဆောင်ဖို့ စီစဉ်တဲ့ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်ဟာ ပြန်မယ့်သူမရှိတာကြောင့် အကောင်အထည်မဖော်နိုင်ဘူးဖြစ်နေပါတယ်။ ဒုက္ခသည် တွေဘက်က လုံခြုံရေး အာမခံချက်၊ နိုင်ငံသားဖြစ်မှုနဲ့ ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုမှု စတာတွေကို အဓိက တောင်းဆိုနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်က ကိုမိုးဇော်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက လူ၂ ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းသဘောတူထားချက်အရ ပထမအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်ထားခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လူ ၁၅၀ ကို စတင်လက်ခံဖို့ ပြင်ဆင်ဆောင်ရွက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ပထမဆုံးပြန်လာမယ့် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အူစီပလောင် ဒုက္ခသည်စခန်းမှာ နေ့ခင်း ၂ နာရီအထိ သွားရောက် စောင့်ဆိုင်းခေါ်ယူခဲ့ပေမဲ့ မြန်မာပြည်ကို မပြန်နိုင်ကြောင်း ဆန္ဒပြဆန့်ကျင် ခဲ့ကြတယ်လို့ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို အနီးကပ်စောင့်ကြည့်သတင်းယူနေတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလားတန်သတင်းဌာန အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။

“ အဲဒီ အူစီပလောင်ဆိုတဲ့ရွာမှာ အဲဒီမှာ ရှိတဲ့ ဒုက္ခသည်တွေက စည်းရုံးပြီးတော့ ဆန္ဒပြတယ်။ ကျနော်တို့ မပြန် ဘူး။ ကျနော်တို့အခွင့်အရေးတွေ ရတဲ့အချိန်ထိ ကျနော်တို့ ဒီမှာနေမယ်။ သူတို့ရဲ့ တောင်းဆိုချက်၊ သူတို့လိုချင် တာက သူတို့ရဲ့ လုံခြုံရေးရယ်၊ ရိုဟင်ဂျာဆိုတဲ့နာမည်ရယ်။ နောက်ပြီးတော့ NVC ကဒ် မကိုင်ဘူးဆိုတာရယ်။ နောက် ကိုယ့်ရပ်ရွာကို ကိုယ်ပြန်မယ်ဆိုတဲ့ဟာရယ်။ သူများနည်းတူ အခွင့်အရေးရယ် အဲဒါတွေရရင် ပြန်မယ်ဆိုပြီး သူတို့ ပြောပါတယ်။”

ပြန်လည်ဝင်ရောက်လာသူတွေကို မြန်မာအစိုးရဘက်က NVC ခေါ် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးမှာဖြစ်ပြီး အဆင့်ဆင့်စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို နိုင်ငံသားပေးမှာဖြစ်ကြောင်း ပြောဆိုထားပေမဲ့ ဒုက္ခသည်တွေ တောင်းဆိုတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကိုတော့ အသိအမှတ်ပြု လက်ခံထားတာမရှိပါဘူး။

ကူးတုပလောင် ဒုက္ခသည်စခန်းကို ရောက်ရှိနေသူ တဦးကလည်း -

“ ကျနော်တို့ လောလောဆယ် ပြန်မယ့် အနေအထားမရှိပါဘူးခင်ဗျ။ ကျနော်တို့ လောလောဆယ် ပြန်သွားမယ် ဆိုလို့ရှိရင် ကျနော်တို့ရဲ့ မူလအခွင့်အရေး၊ ကျနော်တို့ရဲ့ လုံခြုံရေး၊ ကျနော်တို့ရဲ့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းကို ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိရမယ်။ သူတို့ပြောတာ ကြားစခန်းမှာနေရမယ်ဆိုပြီးတော့ ပြောတာ၊ ကြားစခန်းမှာ နေရမယ်ဆို ဘယ်လောက်ကြာမယ်ဆိုတာ တိတိကျကျလည်း မပြောပါဘူး။ သူတို့က ။ ကျနော်တို့က နိုင်ငံသား အခွင့်အရေးမရဘဲ ပြန်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ အန္တရာယ်ဟာ အများစုရှိတယ်။ အဲဒါကြောင့် ဒုက္ခသည် တွေက ပြန်မသွားချင်ဘူးလို့ ”

မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဒီကနေ့ မနက်ကတည်းက ပြင်ဆင် ဆောင်ရွက်ထားကြောင်း မောတောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံဘက်ကတော့ အသင့်ပဲလေ။ ကျနော်တို့လည်း လက်ခံဖို့ ဒီမှာ လာစောင့်နေတာ။ တောင်ပြိုမှာပါ။ ဌာနဆိုင်ရာအစုံပေါ့။ လဝက ဒီစစ်ဆေးမယ့်အဖွဲ့တွေ၊ လုံခြုံရေးဆို ရဲပေါ့။ နေရာချထားရေးဆို ကျနော်တို့ ထွေအုပ်က ရှိမယ်။ ကျန်းမာရေးရှိမယ် ဒီမှာ အကုန် အရင်တည်းက စီစဉ်ထားတဲ့အဖွဲ့တွေပါ။ ကျနော်တို့က နှစ်နိုင်ငံသဘောတူထားတဲ့ ဒီနေ့ ၁၅ရက်နေ့ စဝင်မယ်ဆို ကျနော်တို့က ready ပဲ အားလုံး အဆင်သင့်ပဲ လုပ်ထားတာ။”

ဒုက္ခသည်တွေဘက်က တောင်းဆိုတဲ့အချက်တွေ ရမှ ပြန်မယ်ဆိုတာကြောင့် သူတို့ကို ပြန်လည်ပို့ဆောင်ဖို့ အခြေအနေဟာ ကြန့်ကြာမှုတွေ ရှိလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလားတန်သတင်းဌာန အယ်ဒီတာ ဦးတင်စိုးက အခုလို သုံးသပ်ပါတယ်။

“ သူတို့ တောင်းဆိုထားတဲ့ပုံစံမျိုး အဲဒါတွေကို လိုက်လျောရင်တော့ဖြစ်မယ်။ ဒါမှမဟုတ်ရင် ကြန့်ကြာလိမ့်မယ်။ ကြန့်ကြာမယ်ဆိုတော့ ၂ လလည်း ကြာချင်ကြာမယ်၊ ၆ လလည်း ကြာချင်ကြာမယ်။ ၁ နှစ်လည်း ကြာချင်ကြာ မယ်။ ဒါတွေက မြန်မာအစိုးရရယ်၊ ဘင်္ဂလားဒေ့ရ်ှ အစိုးရရယ် ညှိဖို့၊ နောက်ပြီးတော့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး၊ အဲဒါတွေက အကုန်လုံးစုပြီးတော့ ရိုဟင်ဂျာအုပ်စု အဲဒီ ဒုက္ခသည်ရောစုပြီးတော့ တညီ တညွတ်တည်း ဆုံးဖြတ်ချက်တစ်ခု ချမယ်ဆိုရင် အဲဒီလူတွေ ပြန်လို့ ရမယ်။ ဒါမှ မဟုတ်ရင် ပြန်ုလို့ မရဘူး။ ”

UNHCR ခေါ် ကုလသမဂ္ဂမဟာမင်းကြီးရုံးနဲ့ ဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့တွေကလည်း ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က အသင့်မရှိသေးကြောင်းနဲ့ လုံခြုံရေးအရ အာမခံချက်မရှိ သေးကြောင်း ထောက်ပြတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG