ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ကတော့ ဘင်္ဂလားဒေရှ့်ဘက်က ငါးဖမ်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း စားဝတ်နေရေး အတွက် ဝင်ငွေရှာနေကြပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် Montaj Alam ကတော့ တရက်ကို ဘင်္ဂလားဒေရှ့် တာကာ ၂၀၀၀ (၂၅ ဒေါ်လာ) လောက် ဝင်ငွေရတယ်လို့ ပြောပါတယ်။
"Montaj Alam ဒီဒေသတဝိုက်မှာ ငါးဖမ်းလှေ ၁၀၀ လောက်ရှိပြီး အဲဒီမှာ အလုပ်လုပ်နေသူတွေရဲ့ ၉၉ ရာခိုင်နှုန်းက ရိုဟင်ဂျာတွေ ဖြစ်ပြီး ဘင်္ဂလားဒေရှ့်က ၁ ရာခိုင်နှုန်းလောက်ဘဲ ရှိကြောင်း၊ ညပိုင်းရော၊ မနက်ပိုင်းရော တခါတလေ ညနေခင်းတွေမှာပါ ငါးဖမ်းပြီး ရလာတဲ့ ငါးကို ရောင်းပြီး ဝင်ငွေရှာကြတာလို့ ပြောသွားတာပါ။"
Shamlapur ဒုက္ခသည် စခန်း အနီးက ရေပြင်မှာ ငါးဖမ်းလုပ်ငန်း လုပ်ကြတာကိုတော့ ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ဘက်က ဖမ်းတာ ဆီးတာ မရှိဘူးလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ စစ်တပ်ရော ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်တွေ ရော ရှိနေတဲ့ ကော့ဇ်ဘဇားဘက်ကိုတော့ သွားလို့ မရပါဘူး။ ငါးဖမ်းလုပ်ငန်းက ကြမ်းတမ်းလှပေမယ့် ဝင်ငွေရရေး အတွက် လုပ်နေကြရတယ်လို့လည်း ပြောပါတယ်။ မြန်မာဘက်ခြမ်း နေရပ်ရင်းမှာတော့ နွားတွေ၊ မြေတွေ ရှိတာကြောင့် လယ်ယာ လုပ်ငန်း လုပ်လို့ ရပြီး ဒုက္ခသည် စခန်းမှာကတော့ ငါးဖမ်းလုပ်ငန်းက လွဲလို့ တခြား လုပ်စရာ မရှိတော့ ပိုပြီး ဆင်းရဲပင်ပန်းစွာ ရုန်းကန်ရတယ်လို့လည်း ပြောပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်က တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က လက်သင့်ခံမယ်လို့ ပြောဆိုထားပေမယ့် ဌာနေပြန်ရေး လုပ်ငန်းစဉ်က ထိထိရောက်ရောက် ဖြစ်မလာသေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးပါဘူး။ ဒီလူတွေ အနေနဲ့ နိုင်ငံသား ဖြစ်ရေး တည်ဆဲ ဥပဒေတွေ အတိုင်း ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ပြောဆိုထားတာ ဖြစ်ပါတယ်။