သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဆိုင်ကလုန်း မိုခါ


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှု အားနည်းခဲ့တဲ့အတွက် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ဘေးဒဏ်ကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတွေထက် ရခိုင်စစ်တွေက ရိုဟင်ဂျာစခန်းတွေက ပိုခံခဲ့ရပြီး အထိခိုက်အသေဆုံး များပြားခဲ့တယ်လို့ ရိုဟင်ဂျာတွေကပြောပါတယ်။ မိုခါမုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာတွေရဲ့ သေဆုံးထိခိုက်ဒဏ်ရာရမှုက လက်ရှိကောက်ခံနေဆဲ မှတ်တမ်းစာရင်းတွေထက်ကို ပိုများပြားနိုင်ခြေ ရှိတယ်လို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တို့ စိုးရိမ်ချက် ကြုံနေရတဲ့ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်နဲ့ ရခိုင်ပြည်နယ်ကို တနာရီ မိုင် ၁၀၀ ကျော်နှုန်းထားနဲ့ အရှိန်အဟုန်ပြင်းပြင်း ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုင်တိုင်း မိုခါရဲ့သဘာဝဘေးအန္တရာယ်ကို ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရော၊ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။

မိုးဦးကာလ ဆိုင်ကလုန်းမုန်တိုင်းအပါအဝင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို မကြာခဏ ခံစားကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကတော့ သူတို့အတွက် ဘင်္ဂလားအစိုးရနဲ့ ကမ့်တာဝန်ရှိသူတွေဘက်က သတိပေးချက်တွေနဲ့ပဲ မိုခါမုန်တိုင်းကို ရင်ဆိုင်ရတယ်ဆိုပေမဲ့ ကြိုတင်ကာကွယ်မှုတွေကို မိမိတို့ရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ကာကွယ်နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က မုန်တိုင်းမတိုင်ခင်နဲ့ မုန်တိုင်းအလွန် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း အခြေအနေကို ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ဖို့ စေတနာ့ဝန်ထမ်းတွေက ကြိုပြီးအသိပေးခဲ့တာရှိပါတယ်။ ရွှေ့ပြောင်းနေထိုင်ဖို့အတွက် နေရာတွေ သတ်မှတ်ပေးတာ ရှိပါတယ်။ စာသင်ကျောင်းတို့ ဘာသာရေးကျောင်းတို့ အဲ့လိုမျိုးနေရာတွေ သတ်မှတ်ပေးတာ ရှိပါတယ်။ ပြီးတော့ ပြင်ဆင်စရာရှိတာတွေကိုလည်း အသိပညာပေးတာ ရှိပါတယ်။ ပြီးတော့ အသံချဲ့စက်တွေနဲ့ အော်ပြီးပြောတာလည်း ရှိပါတယ်။ ပြီးတော့ အလံတွေနဲ့ အချက်ပြပြီးတော့ ပြောတာလည်း ရှိပါတယ်။ တကယ်တမ်းမုန်တိုင်းဖြစ်လာတော့ အင်အားက သိပ်မပြင်းထန်ခဲ့တော့ ကျနော်တို့ ကံကောင်းခဲ့တာပေါ့နော်။ မုန်တိုင်းတိုက်တော့ လေလွင့်ပြီးတော့ ပါသွားတဲ့ အမိုးအကာတွေ ရှိပါတယ်။ ပြီးတော့ မြေပြိုကျမှုတွေလည်းရှိပါတယ်။ အပင်တွေ လဲကျသွားတာလည်း ရှိပါတယ်။”

ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကလည်း ကော့ဇ်ဘဇားခရိုင်တွင်း ဒုက္ခသည်စခန်းအသီးသီးမှာ ရင်ဆိုင်ခဲ့ကြရတဲ့ မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းထဲ အမိုးအကာတွေ ပျက်စီးခဲ့တာ တွေ့ရပါတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေဟာ ခိုင်မာတဲ့အဆောက်အဦးတွေနဲ့ ခိုလှုံနေထိုင်ကြတာ မဟုတ်ဘဲ၊ ပလက်စတစ် အမိုးအကာလေးတွေနဲ့ တဲငယ်လေးတွေထဲမှာ နေထိုင်နေကြရတာပဲ ဖြစ်တယ်။ ခိုင်မာတဲ့ ဆိုင်ကလုန်း စင်တာတွေလည်း မရှိခဲ့သလို၊ ခိုလှုံစရာလည်းမရှိခဲ့ပါဘူး။ အခု ကမ့်တာဝန်ခံ ကမ် In-charge ရဲ့ ဦးဆောင်မှုဖြင့် NGO INGO က ဒီအပျက်အစီးတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေတာကို တွေ့ရပါတယ်။”

ရိုဟင်ဂျာလူငယ် ရိုဆာဒတ်ကလည်း စခန်းတွင်း မုန်တိုင်းဒဏ်ခံရတဲ့အခြေအနေ အခုလိုပြောပြပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မိုးတွေသည်းထန်စွာ ရွာသွန်းပြီးတော့ မြေပြိုကျမှုတွေတော့ဖြစ်ခဲ့တယ် လူအသေအပျောက်နဲ့ ဒဏ်ရာရရှိမှုတော့ နည်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။”

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ အခုလက်ရှိ ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲအိမ်လေးတွေ စာသင်ကျောင်းတွေနဲ့ အဆောက်အဦးတချို့ ခေါင်မိုးတွေ ဝင်းနံရံတွေ ပြိုကျပျက်စီးမှုတချို့ ရှိခဲ့ပေမဲ့၊ လူအသေအပျောက် နည်းခဲ့တယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ရိုဟင်ဂျာစခန်းတွင်း ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့တဲ့အခြေအနေကိုလည်း ကိုအောင်မြိုင်က အခုလို ပြောပြပါတယ်။

“စုစုပေါင်း ပြောမယ်ဆိုရင် အိမ်အထိအခိုက်က သုံးထောင်လောက် ရှိမယ်။ ဒါတွေက အိမ်တပိုင်းတစတွေနဲ့ အမိုးအကာတွေ လေလွင့်ပါသွားတာတို့ ရေဝင်တာတွေ အဲ့တာတွေ အကုန်လုံးပေါင်းမယ်ဆိုရင် ကော့ဇ်ဘဇား ခရိုင်စခန်းတခုလုံးမှာ တသောင်းလောက်တော့ ထိသွားမယ်လို့ ကျနော်တို့က ခန့်မှန်းနေပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး။ ဒဏ်ရာဒဏ်ချက် တချို့တလေရတာရှိပါတယ်။”

အခုဆိုရင် မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မိုခါမုန်တိုင်းအလွန် ပြန်လည်ပြင်ဆင်ရေးပိုင်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတာဝန်ခံတွေဘက်က ပျက်စီးဆုံးရှုံးမှုတွေ ပြန်လည်တည်ဆောက်နိုင်ရေး ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေအတွက် ကွင်းဆင်းလေ့လာကြည့်ရှု့ပြီး ပြင်ဆင်ဆောင်ရွက်ပေးနေတယ်လို့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကလည်း မုန်တိုင်းဘေးဒဏ်သင့်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ပြန်လည်တည်ဆောက်ရေးဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေကို အခုလိုပြောပြပါတယ်။

“အခုဆိုရင် မုန်တိုင်းကြောင့် ဖြစ်ခဲ့တဲ့ အပျက်အစီးတွေအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂနဲ့ ကမ့်တာဝန်ခံတွေက ဦးဆောင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်ကလည်း ကူညီလုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။”

Cycolne Shelter တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပင်လယ်ပြင်ထဲက ဘာဆန်ချာကျွန်းမှာ ပြင်ဆင်ပေးထားသလို ဆိုင်ကလုန်း အရေးပေါ် ကြိုတင်ကာကွယ်နည်းစနစ်တွေကိုလည်း ကမ့်ထဲမှာ ကြိုတင်လေ့ကျင့်မှုတွေနဲ့ နောက်နောင်ကြုံလာရနိုင်တဲ့ မိုးများရေကြီး မြေပြိုကျမှုဒဏ်တွေကို ကာကွယ်ပေးနိုင်ဖို့ စနစ်တကျဆောင်ရွက်ထားပေးဖို့ကိုလည်း စခန်းတွင်းက ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ ကိုအောင်မြိုင်က အကြံပြုပါတယ်။

“ဒုက္ခသည်တွေအတွက် အဓိက လိုအပ်တာက ပျက်ဆီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေရော တခြားဒုက္ခသည်တွေအတွက်ရော Cyclone Shelter တွေကို အခိုင်အမာတည်ဆောက်ပေးဖို့ လိုပါတယ်။ နောက် တောင်စောင်းတို့ မြေပြိုကျနိုင်တဲ့ နေရာတွေ ရှိတယ်။ အဲ့နေရာတွေကို စနစ်တကျ ကာကွယ်ပေးနိုင်ဖို့ Protection Walls အကာအရံတွေ အခိုင်အမာဆောက်ပေးဖို့ လိုပါတယ်။ နောက် တခြားလိုအပ်တဲ့ လုံခြုံရေးစနစ်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က လုပ်ပေးဖို့လိုတာတွေရှိပါတယ်လို့ ကျနော်တို့က အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုက မိုးရာသီဆိုတော့ မုန်တိုင်းထပ်မဖြစ်ဘူးလို့ ပြောလို့လည်းမရဘူး။ ဒုက္ခသည်စခန်းတွေထဲမှာ မိုးကြိုးပစ်ခံရလို့သေတာတို့ မြေပြိုကျထဲ ပါသွားလို့ သေဆုံးရတာ သာဓကတွေလည်း ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဆိုင်ကလုန်းမိုခါရဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ကြရသလို မုန်တိုင်းမိုခါရဲ့ဒဏ်ကြောင့် တမြို့လုံးနီးပါး ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခံလိုက်ရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်မှာတော့ ရိုဟင်ဂျာမူဆလင်တွေ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေဟာ ဆိုင်ကလုန်းဒဏ်ကို အပြင်းအထန် အလူးအလဲ ရင်ဆိုင်ခဲ့ကြရပါတယ်။

သေဆုံးပျောက်ဆုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အခုချိန်အထိလည်း ပျောက်ဆုံးနေဆဲ ဒုက္ခသည်တွေရှိနေတာမို့ လက်ရှိစာရင်းမှာ ဖော်ပြနေဆဲ မှတ်တမ်းတွေထက်ကို မုန်တိုင်းကြောင့် လူအသေအပျောက်တော်တော်များများ ရှိခဲ့မယ်လို့ ဒေသခံတွေနဲ့ မူဆလင်ဒုက္ခသည်တွေက ခန့်မှန်းနေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုခါမုန်တိုင်းဒဏ်သင့်မှုကြောင့် လူ (၄၈) ဦး အသက်ဆုံးခဲ့တယ်လို့ ဆိုပေမဲ့၊ ဗွီအိုအေမြန်မာပိုင်းရဲ့ ဆက်သွယ်မေးမြန်းချက်တွေအရ ထိခိုက်သေဆုံးမှု့ လူအသေအပျာက်ပျက်စီးဆုံးရှုံးမှုတွေ ကလည်း ခန့်မှန်းနေတာတွေထက်ကို ပိုဆိုးဝါးနိုင်ခြေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုခါမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးရုံဆေးခန်း အရေးပေါ်ဆေးဝါးကုသပေးနိုင်မှုအတွက်မှာတောင် အခက်ခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ မုန်တိုင်းအလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က အင်တိုက်အားတိုက် ဆောင်ရွက်နေပြီဖြစ်ပေမဲ့လို့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းပြည်နယ်အချို့မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ဖို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ အိုးအိမ်တွေပါ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ မိုခါမုန်တိုင်းဘေးသင့် ပြည်သူတွေ နေ့စဉ်စားသောက်နေထိုင်ရေး လူမှုဘဝ ပြန်လည်တည်ဆောက်ရေးနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွေမှာလည်း အရေးပေါ်လိုအပ်ချက်တွေ အခက်အခဲစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG