သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလနဲ့ တွေ့ဆုံခွင့်ပြုဖို့ HRW တောင်းဆို

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလနဲ့ တွေ့ဆုံခွင့်ပြုဖို့ HRW တောင်းဆို
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလနဲ့ တွေ့ဆုံခွင့်ပြုဖို့ HRW တောင်းဆို

ထိုင်းနိုင်ငံ အချုပ်ခန်းထဲမှာ အချိန်တပတ်ကျော်ကျော် အဖမ်းခံထားရတဲ့ မြန်မာဒုက္ခသည် ၂၀၀ ကျော်ကို ကုလသမဂ္ဂနဲ့ တွေ့ဆုံခွင့်ပြုဖို့ ထိုင်းအစိုးရကို Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်ကနေ လှေနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ ကမ်းခြေကို ရောက်ခဲ့ပြီး အဖမ်းခံခဲ့ကြရတာပါ။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အဲဒီဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရဖို့ မေတ္တာရပ်ခံချက်ကို ထိုင်းအာဏာပိုင်တွေက အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောပါတယ်။

မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာ ၁၅၈ ဦးဟာ ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက လှေတွေနဲ့အပြည့် ထိုင်းနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ ၂၀၀၉ ခုနှစ်တုန်းက အခုလို ရောက်လာခဲ့ကြပြီး အဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅၃ ဦးနဲ့အတူ သူတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

သူတို့ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရနိုင်သူတွေ ဟုတ်မဟုတ် တွေ့ဆုံမေးမြန်းဖို့ ကုလသမဂ္ဂက ကြိုးစားနေတာဖြစ်လို့ သူတို့တွေနဲ့ တွေ့ဆုံခွင့် ချက်ချင်းပေးသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် (Brad Adams) က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးမယ့်အစား သူတို့ကို အကာအကွယ်ပေးဖို့ ကြိုးစားသင့်တယ်၊ ဒေသတွင်း နိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ဦးဆောင်မှုကို ပြသင့်တယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ သာမန်ဥပဒေထက် ပိုပြီး အရေးယူခံရသူတွေ၊ အဓမ္မ အခိုင်းခံရသူတွေ၊ ဘာသာရေးအရ မတရား ဆက်ဆံခံရသူတွေ ဖြစ်တဲ့အပြင် သူတို့တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို တင်းကျပ်တာ ခံနေရသူတွေ ဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောပါတယ်။

This item is part of
XS
SM
MD
LG