သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် နိုင်ငံတကာကူညီဖို့ မြန်မာအစိုးရတိုက်တွန်း


 ဂျနီဗာမှာလုပ်တဲ့ UNHCR အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့ (MOI)
ဂျနီဗာမှာလုပ်တဲ့ UNHCR အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့ (MOI)

ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းစွာ နေရပ်ပြန်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ပိုင်းဖြတ်မှုရှိရှိ ဆောင်ရွက်နေတာမို့၊ နိုင်ငံတကာက ဒီအပေါ် ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာအစိုးရက တိုက်တွန်းပါတယ်။ တချိန်တည်းမှာတော့ လူ့အခွင့်အရေးစွပ်စွဲချက်တွေအပေါ် ပြည်တွင်းစုံစမ်းရေးကော်မရှင်အနေနဲ့ အချက်အလက်မှန်တွေ စုဆောင်းပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ကတိပေးပါတယ်။ မနေ့က ဂျနီဗာမှာလုပ်တဲ့ UNHCR အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက ဆက် ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရမှာ လုပ်ဆောင်စရာနှစ်ခုရှိနေပြီး အဲဒါကတော့ လက်ရှိအကြပ်အတည်းဖြေရှင်းရေးနဲ့၊ အဲဒီပြဿနာရဲ့ အရင်းခံအကြောင်းရင်းကို ကိုင်တွယ်ဖို့ ဖြစ်တယ်လို့ ဂျီနီဗာမြို့မှာ မနေ့ကလုပ်တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး နှစ်ပတ်လည်အမှုဆောင်အစည်းအဝေးမှာ မြန်မာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။ ဒီလို ကိုင်တွယ်ရာမှာ ကုလအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်နေတာဖြစ်ပြီး၊ ရခိုင်မြောက်ပိုင်းဒေသ လူမှုသဟဇာတဖြစ်ရေးအပါအဝင် အကြံပေးချက်အချို့ကတော့ ပြီးပြတ်အောင် အချိန်ယူဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။

NLD အစိုးရ တက်လာကတည်းက ရခိုင်မြောက်ပိုင်းအရေး ဖြေရှင်းဖို့ကိစ္စကို ဦးစားပေးကိုင်တွယ်ခဲ့ပေမယ့်၊ ၂၀၁၇ မှာ ARSA လက်နက်ကိုင်အဖွဲ့ စတင်လိုက်တဲ့ အရေးအခင်းကြောင့် အခြေအနေဟာ ပိုဆိုးလာစေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောသွားပါတယ်။ ဒါပေမယ့်လည်း အဲဒီအရေးအခင်းမှ လုံခြုံရေးစစ်ဆင်ရေးအတွင်း ဒေသခံရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးရွားရွားလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ ဒါဟာ ချဲ့ကားလွန်းတယ်လို့ မြန်မာအစိုးရက ယူဆထားပါတယ်။ ဒါပေမယ့် မနေ့က ဒေါက်တာဝင်းမြတ်အေး မိန့်ခွန်းမှာတော့ ဒီ စွပ်စွဲချက်တွေအပေါ် ပြည်တွင်းစုံစမ်းရေးလုပ်ပြီး အရေးယူကိုင်တွယ်မယ်လို့ ကတိပေးခဲ့ပါတယ်။

“ခိုင်မာတဲ့အထောက်အထားတွေအရ ဒီလုပ်ရပ်တွေကိုကျူးလွန်တဲ့သူတိုင်း အရေးယူခံရမှာပါ။ နိုင်ငံတကာက ထင်ရှားတဲ့ပုဂ္ဂိုလ်နှစ်ဦး ဦးဆောင်တဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ကို မကြာခင်က ဖွဲ့စည်းခဲ့ပါတယ်။ လူ့အခွင့်အရေးစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီးတော့ ဒီကော်မရှင်ကနေ အထောက်အထား အချက်အလက်တွေကို စုံစမ်းပါလိမ့်မယ်။ အဲဒီ တွေ့ရှိချက်အပေါ် အခြေခံပြီး ကျနော်တို့အနေနဲ့ အရေးယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ အခွင့်အလမ်းတရပ်အနေနဲ့ ဒီကော်မရှင်ကို အကူအညီပေးကြဖို့ ကျနော်တို့မိတ်ဖက်တွေကို တိုက်တွန်းပါတယ်။”

တဖက်မှာတော့ ဘင်္ဂလားဒေ့ရ်ှဖက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သိန်းဂဏန်း နေရပ်ရင်းပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော UNDP / UNHCR ကုလသမဂ္ဂအေ၈ျင်စီနှစ်ခုနဲ့ပါ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ထိုးထားပါတယ်။ ဒီ သဘောတူညီချက်အရ ပထမအဆင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ဒုတိယအဆင့် စတင်ဖို့ ရှိနေပြီလို့ ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတကာက အသိပေးခဲ့ပါတယ်။

“ဒီ သဘောတူညီချက်အရ နှစ်ဖက်ပူးပေါင်းအဖွဲ့ဟာ ပထမအဆင့်အနေနဲ့ ရခိုင်မြောက်ပိုင်းကျေးရွာအချို့မှာ ကွင်းဆင်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ မကြာသေးခင်ကတော့ ဒုတိယအဆင့် ဆန်းစစ်လေ့လာဖို့အတွက် ကျေးရွာအချို့ကို နှစ်ဖက်စလုံးက ကျွမ်းကျင်မှုအဖွဲ့တွေ ရွေးချယ်သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ဒေသတွင်းအခြေအနေကောင်းတွေရှိစေရုံသာမက၊ ရခိုင်ပြည်နယ်အတွင်း ရေရှည် အေးချမ်းတည်ငြိမ်စေဖို့ပါ ဒီ ကုလသမဂ္ဂအေဂျင်စီနှစ်ခုအနေနဲ့ ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်ပြီး ၊ အကြံပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေလို့ သုံးနှုံးပြီး၊ နိုင်ငံတကာမှာ ရိုဟင်ဂျာလို့သုံးနှုံးတဲ့ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နှောင့်နှေးနေတဲ့အပေါ်မှာ မြန်မာရော ဘင်္ဂလားဒေ့ရ်ှဖက်ကပါ နှစ်ဖက် အပြန်အလှန်အပြစ်ဖို့မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်နေရပ်ပြန်ရေးအတွက် ရှိနေတဲ့ အနှောက်အတားတွေမှန်သမျှကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ ဖြေရှင်းမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒါ့အပြင် ဒီ ကြီးမားတဲ့ပြဿနာကိုဖြေရှင်းဖို့ အခြား စိတ်တူကိုယ်တူ နိုင်ငံတွေ အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာအစိုးရကိုအကူအညီပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ အေးချမ်းတည်ငြိမ်ပြီး ပုံမှန်အနေအထားပြန်ရောက်အောင် ဆောင်ရွက်သွားမှာပါ။ ဘင်္ဂလားဒေရ်ှမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ မိမိတို့ဆန္ဒအတိုင်း ဘေးကင်းကင်း နေရပ်ပြန်နိုင်စေဖို့ ကျနော်တို့ပိုင်းဖြတ်လုပ်ဆောင်နေပါတယ်။ ဒါဟာ အတော့်ကို ကြီးမားတဲ့ကိစ္စပါ။ ဒီအတွက် သဘောထားတူ မိတ်ဖက်တွေနဲ့ တွဲလုပ်ဖို့ ကျနော်တို့ အစိုးရအနေနဲ့ တံခါးဖွင့်ထားပါတယ်။ အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုထားပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အခုကျင်းပတဲ့ UNHCR အစည်းအဝေးအတွင်း ဗြိတိန် အမေရိကန် နိုင်ငံတွေက သူတို့စိုးရိမ်မှုတွေကို ပြောဆိုခဲ့ပါတယ်။ တချိန်တည်းကျင်းပနေတဲ့ နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ ရခိုင်မြောက်ပိုင်းအရေးအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာက အရေးုယူဖို့တိုက်တွန်းမှုတွေရှိနေပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကနေဒါလွှတ်တော်က အတည်ပြုသတ်မှတ်တာကြောင့်၊ လုံခြုံရေးကောင်စီအနေနဲ့ ဒီအမှုကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးက မနေ့က အထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်နိုင်ရေ ကုလဆွေးနွေး
please wait

No media source currently available

0:00 0:04:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG