သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနေရပ်ပြန်ရေးအစီအစဉ် G7 ကြိုဆို


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ G 7 စက်မှုထိပ်သီး ၇ နိုင်ငံက ကတိပြုကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

အထူးသဖြင့် လက်ရှိ ဖြေရှင်းနေရတဲ့ ရိုဟင်ဂျာ ပဋိပက္ခမှာဆိုရင်လည်း ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာနဲ့ အညီ ဌာပြေန်နိုင်ရေး၊ ဘေးကင်းလုံခြုံမှုနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုတာတွေ အပါအဝင် မြန်မာဘက်က ပိုင်းဖြတ် ဆောင်ရွက်မှုတွေကိုလည်း ကြိုဆိုကြောင်း ကနေဒါမှာ ကျင်းပခဲ့တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံရဲ့ ပူးတွဲကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရက ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာပါ။

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အချိန်အတိုင်းအတာ တခုအထိ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် ရခိုင်ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ကိုတော့ မူလ သဘောထား အတိုင်းဘဲ ဝင်ရောက်ခွင့် မပြုဘူးလို့ မြန်မာ အကြီးတန်း အရာရှိ တဦးက ဗွီအိုအေကို ပြောဆိုထားပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက် အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာဘက်က ကြိုဆိုကြပါတယ်။

XS
SM
MD
LG