မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည် တွေ မူရင်းနေရာတွေဆီ ကိုယ့်သဘောနဲ့ ကိုယ် ပြန်နိုင်ရေးအပေါ် အာဆီယံရဲ့ သဘောထားကို စင်္ကာပူမှာ စနေနေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan က ပြောသွားပါတယ်။
ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် မူရင်းနေရာတွေဆီ ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား တူညီတဲ့ သန္နိဌာန်ကို ဆက်ပြီး တွန်း အားပေးလုပ်ဆောင်သွားဖို့ ကျနော်တို့အားလုံးက အားပေး တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အနေအထားနဲ့ လုပ်ရမှာ ဖြစ်သလို မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေမရှိစေဘဲ လုပ်ဆောင်ရ မှာလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီး Balakrishnan က သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ အရှေ့အာရှထိပ်သီး အစည်းအဝေးနဲ့ အာဆီယံဒေသဆိုင်ရာဖိုရမ် ARF တို့မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဝန်ကြီး ဦးကျော်တင်တို့ စနေနေ့က သီးခြားတွေ့ဆုံချိန်အတွင်းမှာလည်း ဒုက္ခ သည်တွေ နေရပ်ရင်းကို ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေးကိစ္စ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေး ယူဖို့ကိစ္စ၊ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ ကိစ္စနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ် ပေးဖို့ကိစ္စတွေကို ဝန်ကြီး Pompeo က တိုက်တွန်းပြောဆိုတယ်လို့ နိုင်ငံခြားရေး ဌာနပြောခွင့်ရ Heather Nauert ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။