သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဆီးရီးယား ငလျင်အတွက် ရိုဟင်ဂျာတွေ ကူညီ


တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ထောက်ပံ့ကူညီ (ဓါတ်ပုံ - MERHROM)
တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ထောက်ပံ့ကူညီ (ဓါတ်ပုံ - MERHROM)
လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ကူညီနိုင်ရေး တတ်စွမ်းသလောက် ဝိုင်းဝန်းလှူဒါန်းပေးနေကြပါတယ်။ ရိုဟင်ဂျာတွေအရေး ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်ကူညီပေးခဲ့တဲ့ တူရကီနိုင်ငံ အခုလို သဘာဝဘေးဒဏ် ကပ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ရိုဟင်ဂျာတွေဘက်က ဆုတောင်းပွဲ ကျင်းပကြသလို လိုအပ်တဲ့အကူအညီတွေကိုလည်း တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း စားဝတ်နေရေး အခက်အခဲစိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရတဲ့ကြားကနေ တူရကီငလျင်အရေး ကူညီလှူဒါန်းပေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၆) ရက်နေ့က တူရကီနိုင်ငံနဲ့ ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် အသက်ဆုံးခဲ့ရသူပေါင်း အခုနောက်ဆုံးစာရင်းကောက်ခံချက်အရ တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံပေါင်း လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။ နောက်ထပ်ငလျင်ငယ်တခုလည်း ထပ်လှုပ်ခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအခြေအနေကလည်း ပိုဆိုးဝါးလာနေတာပါ။ တူရကီ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကမ္ဘာတဝန်းလုံးကနေ လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကူညီကယ်ဆယ်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းနေကြတဲ့အထဲ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလည်း ဝိုင်းဝန်းလှူဒါန်း ကူညီပေးခဲ့ကြပါတယ်။

ဒီလဖေဖော်ဝါရီလ ၂၈ ရက်နေ့က မလေးရှားရောက် ရိုဟင်ဂျာတွေ စုပေါင်းပြီး တူရကီ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှုအကူညီတွေ ထောက်ပံ့ကူညီနိုင်ဖို့ မလေးရှားနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးဆီကို သွားရောက်လှူဒါန်းခဲ့တဲ့အကြောင်း မလေးရှားနိုင်ငံအခြေစိုက် ရိုဟင်ဂျာတိုင်းရင်းသားများ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း ဥက္ကဋ္ဌ Zafar Ahmad Abdul Ghani (Myanmar Ethnic Rohingya Human Rights Organization in Malaysia (MERHROM) က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ကျနော်တို့ ဒီနေ့ ဘာလို့ လှူဒါန်းရသလဲဆိုရင် တူရကီဆိုတာက ကျနော်တို့ ရိုဟင်ဂျာတွေအပေါ် တော်တော်လေး ကူညီပေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်က လူဦးရေတသန်းကျော် နေထိုင်တဲ့သူတွေအတွက် ဆေးရုံတွေ ထူထောင်ပေးတယ်။ စားဝတ်နေရေးကိုလည်း ကူညီပေးတယ်။ ကျနော်တို့က အထောက်အထား မရှိတော့ ကိုယ်တိုင်လည်း သွားကူညီပေးလို့ မရဘူး။ တကယ်လို့ ကျနော်တို့သာ ထွက်ပြီး ကူညီပေးလို့ရရင် ဟိုမှာအထိသွားပြီး ကူညီပေးချင်ကြပါတယ်။ ကျနော်တို့ တော်တော်လေးလည်း စိတ်မကောင်းဘူး။ တူရကီတွေဟာ ကျနော်တို့အတွက် တော်တော်လေးကို ကူညီလုပ်ဆောင်ပေးခဲ့တာ။ ပြောရရင် တူရကီမှာ ဒီလောက်အခြေအနေဆိုးနေတဲ့အချိန်မှာတောင် ကျနော်တို့အတွက် ကူညီပေးနေသေးတာတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ ရိုဟင်ဂျာတိုင်းရင်းသား လူငယ်အဖွဲ့အစည်းတွေက ဦးဆောင်ပြီးတော့ ပိုက်ဆံတွေကောက်ပြီး မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာတွေ စုစည်းပြီး မလေးရှားရင်းဂစ်ငွေ သုံးသောင်းအတိကို တူရကီလက်ထဲကို အပ်လိုက်ပါတယ်။ သူတို့ကလည်း တော်တော်လေးကို ကျနော်တို့ကို ကျေးဇူးတင်တယ်။"

တူရကီ ငလျင်ဒဏ်ကြောင့် အသက်ဆုံးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူ တူရကီအစိုးရနဲ့အတူ မလေးရှားရောက်ရိုဟင်ဂျာတွေက ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနဲ့ ငလျင်ဒဏ်သင့် တူရကီနိုင်ငံ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် ဆုတောင်းပေးနေကြမယ့်အကြောင်း ပြောကြားပြီး သူတို့ လှူဒါန်းငွေကို တူရကီသံအမတ်ကြီးကိုယ်စား Dr. Ömer Altun, Director of the Yunus Emre Institute လက်ခံရယူပေးခဲ့တယ်လို့ ပြောပါတယ်။

"မလေးရှားရောက် ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့သီတင်းပတ်တွေကလည်း ကိုယ်စီကိုယ်စီ သွားပေးကြတာ ကျနော် တွေ့ရပါတယ်။ မလေးရှားရောက် ရိုဟင်ဂျာအသိုင်းအဝိုင်းကလည်း တူရကီသံရုံးကိုသွားပြီး တူရကီနဲ့ ဆီးရီးယားနိုင်ငံတွင် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီကို တူရကီသံရုံးက တူရကီသံအမတ်ကြီးကိုယ်စား ဒေါက်တာအိုမာက လက်ခံရယူပေးခဲ့ပါတယ်။ တူရကီနိုင်ငံ ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ဘုရားမှာ ကျနော်တို့ ဆုတောင်းပေးပါတယ်။ တူရကီဘက်က ကျနော်တို့လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲတမ်းကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။"

အလားတူ မလေးရှားရောက် ရိုဟင်ဂျာတွေလိုပဲ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့်ဘဇားခရိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တွေကလည်း တူရကီငလျင်ဒဏ်သင့်ပြည်သူတွေအတွက် သူတို့တတ်အားသမျှ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါတယ်။ ကမ့်အသီးသီးက ရိုဟင်ဂျာလူငယ်တွေ စုဝေး စည်းဝေး ဆွေးနွေးပြီးတဲ့နောက်မှာ တူရကီငလျင်ဒဏ်သင့်ပြည်သူတွေကို ဘယ်လိုကူညီပေးနိုင်ကြမလဲဆိုတာ ဝိုင်းဝန်းအဖြေရှာပြီး ဆောင်ရွက်ပေးခဲ့ကြတဲ့အကြောင်း ကိုယ်တိုင်ဦးဆောင်ဆော်သြခဲ့သူ ရိုဟင်ဂျာလူငယ်ဓာတ်ပုံဆရာ ဆာဟတ်ဇီယျာ (Sahat Zia Hero, a Rohingya photographer and activist,) က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

"တူရကီငလျင်အကြောင်း ဖေ့စ်ဘွတ်တွေ သတင်းမီဒီယာတွေကနေ ကြားကြားချင်းမှာပဲ ကျနော်တို့ တူရကီငလျင်မှာ ဖြစ်နေတာ အသက်ဆုံးရှုံးမှုများတဲ့ သတင်းတွေကို ကြားတော့ ကျနော်တို့ ကွန်မြူနတီအသိုင်းအဝိုင်းမှာ ကျနော်တို့သူငယ်ချင်းတွေဆီမှာ တူရကီအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ခုနှစ်လောက်ကတည်းက ဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ တအားတူနေတာမျိုး ကျနော်တို့ရိုဟင်ဂျာတွေရဲ့ အိုးအိမ်တွေ၊ နေရာတွေ၊ ကိုယ့်ကျေးရွာတွေ ဆုံးရှုံးပြီး ဒီလိုဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့ အခြေအနေအပေါ် ကျနော်က အရမ်းခံစားခဲ့ပါတယ်။ အဲ့ခံစားချက်အပေါ် ကျနော့်သူငယ်ချင်းတွေကို ပြောပြခဲ့တော့ ကျနော့်သူငယ်ချင်းတွေကလည်း အဲ့လိုကျနော့်နဲ့အတူ ပူးပေါင်းလာခဲ့တာပေါ့။ တူရကီအခြေအနေက တအားဆိုးဝါးနေတယ် ကျနော်တို့လည်း တချိန်တုန်းက ၂၀၁၇ တုန်းက ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတုန်းက တူရကီက ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံကသူတွေနဲ့ ကျနော်တို့ စားဝတ်နေရေးနဲ့ တခြားလိုအပ်တာတွေကို တူရကီက ထောက်ပံ့ပေးခဲ့တာပါ။ အခု တူရကီမှာ ဒုက္ခရောက်နေတော့ ကျနော်တို့ဘက်က ဘယ်လိုမျိုး ထောက်ပံ့နိုင်မလဲ ဘယ်လိုမျိုး ကူညီပေးနိုင်မလဲဆိုတာ ဝိုင်းစဉ်းစားခဲ့ကြတာပေါ့။"

ဦးဆောင်သူ ရိုဟင်ဂျာလူငယ်ဓာတ်ပုံဆရာ ဆာဟတ်ဇီယျာနဲ့အတူ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက လူငယ်တွေ စုဝေးပြီး တူရကီငလျင်အတွက် အရေးပေါ်လိုအပ်မယ့် လူသားချင်းစာနာမှုအကူအညီ အနွေးထည်အဝတ်အစား၊ အလှူငွေ စတာတွေကို ကမ့်နေရာအနှံ့ လိုက်လံကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အထိသွားရောက် ကိုယ်တိုင်ပို့ဆောင် လှူဒါန်းပေးခဲ့ကြောင်း အခုလိုရှင်းပြပါတယ်။

"ကျနော်တို့သူငယ်ချင်းတွေက အကုန်သဘောတူခဲ့ကြတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ကမ်ပိန်းတခုလုပ်မယ် ကျနော်တို့ ဒီကမ့်တွေထဲ ဒုက္ခသည်စခန်းတွေထဲမှာနေပြီးတော့ ကမ့်ထဲက သူတွေဆီ ရသလောက်သွားမယ် ရသလောက်သွားပြီး တူရကီက လူတွေအတွက် အလှူရသလောက် ကောက်မယ်ဆိုပြီးတော့ ကျနော်တို့ မတ်ဆင်ဂျာကနေ ဂရုတခုလုပ်လိုက်ပြီးတော့ ကမ့်ထဲမှာရှိတဲ့ ပညာတတ်လူငယ်တွေကို ဂရုထဲမှာ ခေါ်လိုက်ပါတယ်။ အဲ့လိုကြေညာလိုက်တာနဲ့ လူငယ်တွေကနေပြီး အင်ဂျီအိုတွေမှာ လုပ်တဲ့သူတွေ နောက်နိုင်ငံခြားမှာ အမျိုးတွေရှိတဲ့သူတွေကနေ ရသလောက် ထောက်ပံ့လာကြတယ်။ နောက် ကမ့်ထဲကသူတွေဆီ အရောက်သွားပြီးတော့ သူတို့ကို အခြေအနေကို ပြောပြခဲ့ပါတယ်။ သူတို့က ကျနော်တို့ရဲ့ကျေးဇူးရှင်တွေ။ ကျနော်တို့ ဒုက္ခရောက်တဲ့အချိန်မှာ ကျနော်တို့ကို သူတို့က ထောက်ပံ့ခဲ့တာ။ သူတို့ အကူအညီလိုတဲ့အချိန်မှာ ပို့ပေးချင်တယ်လို့ လူတွေကိုပြောပြတဲ့အချိန်မှာ လူတွေက ဒီအချိန်မှာ အလုပ်အကိုင်ကလည်း မရှိဘူး။ ဒီမှာလည်း အခက်အခဲဒုက္ခတွေ တအားကြုံတွေ့နေရတဲ့ အချိန်ကြားကနေ တအိမ်ကို ဒါကာ ၁၀-၂၀ အဲ့လိုမျိုး လှူလာတော့ ရလာတဲ့ပိုက်ဆံတွေနဲ့ ဒါကာမြို့ကိုသွားပြီး စောင်တွေ ကုတ်အကျီတွေ ဝယ်ပေးပြီး လှူဒါန်းခဲ့ပါတယ်။ သွားလှူခဲ့တော့ တူရကီဘက်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ "

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်လူငယ်တွေကနေ တူရကီနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်မှာလာပြီး အခြေစိုက် ဖွင့်လှစ်ထားတဲ့ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ပေးနေတဲ့ တူရကီအဖွဲ့အစည်းဆီကို လှူဒါန်းပေးခဲ့ကြတယ်လို့ ဒါကာအထိ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဆာဟတ်ဇီယျာက ပြောပြပါတယ်။

ရိုဟင်ဂျာတွေအတွက် လတ်တလောမှာ စားနပ်ရိက္ခာ အချိုးကျပေးဝေငှမှုနှုန်းထားကိုလည်း ပုံမှန်ပေးနေကျနှုန်းကနေ လျှော့ချတော့မယ့်အနေအထား ဖြစ်ပေမဲ့ လူသားချင်း ကိုယ်ချင်းစာနာတဲ့အနေနဲ့ရော ကျေးဇူးရှိတဲ့ တူရကီနိုင်ငံနဲ့ တူရကီပြည်သူတွေအတွက် ဆုတောင်းပေးပွဲတွေပါ ကျင်းပပြီး ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပါတယ်။

"တူရကီငလျင်မှာ သေဆုံးခဲ့ရသူတွေအတွက် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေက ဘာသာရေးစာသင်ကျောင်းတွေမှာ စုဝေးပြီး ဆုတောင်းပွဲတွေ လုပ်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ တူရကီငလျင်မှာ ဒုက္ခတွေ့နေကြရတဲ့ တူရကီပြည်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ဝိုင်းပြီး အလှူငွေတွေ ထည့်ဝင်ပေးခဲ့ကြပါတယ်ခင်ဗျ။ ဘင်္ဂလားဒေ့ရှ်က တူရကီသံရုံးအထိလည်းသွားပြီး အလှူငွေတွေ ပေးကြတာ ရှိပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ဘာလုခါလီမှာ ဖွင့်လှစ်ထားတဲ့ တူရကီဆေးရုံကိုသွားပြီးတော့လည်း အလှူငွေတွေ သွားထည့်ပေးကြပါတယ်ခင်ဗျ။"

လက်ရှိမှာတော့ တူရကီငလျင်ဒဏ်သင့်ပြည်သူတွေ ရာသီဥတုဆိုးဝါးမှုဒဏ် ရင်ဆိုင်နေကြရပြီး အခုအချိန်အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အခက်အခဲများစွာနဲ့ ရင်ဆိုင်လုပ်ကိုင်နေကြရဆဲ အခြေအနေဖြစ်တာမို့ တတ်နိုင်တဲ့ဘက်က တူရကီအစိုးရနဲ့အတူ ရိုဟင်ဂျာတွေဘက်က ကူညီဆောင်ရွက်ပေးကြဖို့ အသင့်ရှိကြောင်းလည်း လူသားချင်းစာနာမှုကူညီပေးရေး ဝိုင်းဝန်းလှူဒါန်းပေးခဲ့တဲ့ ရိုဟင်ဂျာတွေက ပြောဆိုနေကြကြောင်းပါရှင်။

===== Unicode =====















XS
SM
MD
LG