သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းဒေသ ရိုဟင်ဂျာဒုက္ခသည်တွေ အခြေအနေ UNHCR စိုးရိမ်


မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းဒေသ ရိုဟင်ဂျာဒုက္ခသည်များ (MOI)
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းဒေသ ရိုဟင်ဂျာဒုက္ခသည်များ (MOI)

၂၀၁၇ သြဂုတ်လကုန်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံ နယ်စပ်မျဉ်းဒေသမှာ စခန်းချနေထိုင်ကြတဲ့ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ရိုဟင်ဂျာ လူတစုရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူကြောင်း မတ်လ ၅ ရက် တနင်္လာနေ့မှာ UNHCR က သတင်းထုတ်ပြန်ပါတယ်။ သူတို့ကို အဲဒီစခန်းချနေထိုင်ရာ နေရာကနေ ထွက်ခွါဖို့ မြန်မာအာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။

ဒီဒုက္ခသည် တဦးချင်စီဟာ နိုင်ငံရေးခိုလှုံခွင့် ရှိသလို အခြေနေကောင်းတဲ့ တနေ့ သူတို့ နေအိမ်တွေကို ပြန်သွားချင်တယ် ဆိုရင်လည်း သွားခွင့် ရှိကြောင်း UNHCR က ပြောပါတယ်။ သူတို့ နေရပ်ရင်း ပြန်ရေးဟာ သူတို့သဘောဆန္ဒအတိုင်း ဖြစ်ရမယ့်အပြင် လုံခြုံရေးအာမခံ ပေးဖို့ လိုတယ်လို့ ပြောပေမယ့် လက်ရှိမှာ အခြေနေဟာ သူတို့အတွက် သိပ်မကောင်းသေးဘူးလို့လည်း UNHCR က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသာချင်းစာနာမှု အကူအညီတွေ ပေးဖို့အတွက် ရခိုင်ပြည်နယ်တလွှားကို UNHCR အပြင် သူနဲ့အတူလက်တွဲ လုပ်ဆောင်နေတဲ့ အဖွဲ့တွေကိုပါ သွားရောက်ခွင့်ပြုဖို့ မြန်မာအစိုးရကို ဆက်လက် ပန်ကြားနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီဒေသမှာ အသိုင်းအဝိုင်းအားလုံးကြား သဟဇာတရှိမှုတိုးတက်လာစေရေးဟာ အရေးပါပြီး ဒီ့အတွက် ရခိုင်အကြံပေးအဖွဲ့ရဲ့ အကြံပေးချက်တွေကို အကောင်ထည်ဖေါ်ဖို့ ကတိပေးထားတဲ့ မြန်မာအစိုးရကို အကူညီပေးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အကာကွယ်ပေးမှု အခြေနေတွေကို UNHCR က စောင့်ကြည့်ဖို့၊ ဒုက္ခသည်တွေကို သီးခြားလွတ်လပ်တဲ့ အချက်လက်တွေ ပေးဝေဖို့နဲ့ သူတို့နေရပ်ပြန်ရင် လိုက်ပါဖို့တွေလိုအပ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဒုက္ခသည် ၇ သိန်းလောက် ဝင်ရောက်ခိုလှုံတာကို လက်ခံထားသလို ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေက သူတို့ကို အကာကွယ်ပေးပြီး ပံ့ပိုးပေးနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG