ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ပြီးခဲ့တဲ့ နှစ်က အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် တိုရဲ့ ကံကြမ္မာကို ဆွေးနွေးဖို့ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၃ နိုင်ငံတို့ဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ၅ နိုင်ငံဖြစ်တဲ့ ဆွီဒင်၊ ပိုလန်၊ နယ်သာလန်၊ ကာဇက်စတန်နဲ့ Equatorial Guinea တို့က ဖေဖေါ်ဝါရီလ ၇ ရက် ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်မှာ လုံခြုံရေးစခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ကြောင့်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ အကြောင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က နောက် သီတင်းပတ် အင်္ဂါနေ့မှာ လုံခြုံရေးကောင်စီကို အစီရင်ခံမှာ ဖြစ်ပါတယ်။
မြန်မာ အစိုးရအနေနဲ့ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို အရေးယူပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ခွင့်ပြုဖို့ တိုက်တွန်းတဲ့ အဆိုပြုချက် လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပြီး ၃ လနီးပါးအကြာမှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရခိုင်ပြည်နယ်ကို လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ သွားရောက်ခွင့်ပြုဖို့ တောင်းခံတာကိုလည်း မြန်မာအစိုးရက ခုချိန်ဟာသင့်တော်တဲ့ အချိန်မဟုတ်သေးကြောင်း ပြောဆိုပြီး ငြင်းဆိုခဲ့တယ်လို့ ကောင်စီရဲ့အလှည့်ကျ ဥက္ကဌ ကူဝိတ်နိုင်ငံ သံအမတ်ကြီး Mansour al-Otaibi က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။