သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတွေကို လူသားချင်းစာနာမှု အထောက်အကူပေးဖို့ ကန်တိုက်တွန်း


မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းမိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လှေစီးဒုက္ခသည် ၉၀၀ ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က တဘက်နိုင်ငံကို မြန်မာအစိုးရက ပြန်လည်လွဲှအပ်ခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ ဖိနှပ်မှုခံနေရတယ်ဆိုတဲ့ ရိုဟင်ဂျာဆိုသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါဝင်တဲ့ လှေစီးပြေးဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတွေ ပင်လယ်ပြင်မှာ မျောနေတုန်း မြန်မာရေတပ်က မေလ ၂၁ ရက် ရခိုင်ကမ်းရိုးတမ်း မောင်တောမြို့အနီးမှာ ပထမအသုတ်အဖြစ် လူ ၂၀၀ ကျော် ဖမ်းမိခဲ့သလို၊ မေလ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံအနီး ဟိုင်းကြီးကျွန်းနားမှာ လူ ၇၀၀ ကျော်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက စိစစ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်တဲ့အတွက် နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ခံရသူ ၁၅၀ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက တိုက်တွန်းကြောင်း ဇွန်လ ၉ ရက် အင်္ဂါနေ့ အမေရိကန် နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို ဘင်္ဂလားဒေ့ချ်နိုင်ငံကို ပြန်ပို့လိုက်တယ်ဆိုတာကို သိရှိကြောင်း၊ ဒါဟာ ဒီလူတွေအရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်တဲ့ ရလဒ်ဖြစ်ကြောင်း၊ UNHCR နဲ့ IOM လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အကန့်အသတ်မရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က ပြောဆိုသွားတာပါ။

လှေစီးဒုက္ခသည် ၉၀၀ ထဲက ကျန်ရှိသူတွေကိုလည်း စိစစ်ပြီး တဘက်နိုင်ငံသားတွေကို မကြာခင်လွဲှပြောင်းဖို့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ လဝက ဦးစီးဌာနက ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုခဲ့ပါတယ်။ လူကုန်ကူးသူတွေရဲ့ စွန့်ပစ်ခြင်းခံရတဲ့ လှေစီးပြေးဒုက္ခသည် အရေးကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG