သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

White Card အစားထိုးတဲ့ နေထိုင်ခွင့်ကဒ် ထုတ်ယူသူနည်းပါး


ရခိုင်ပြည်နယ်မှာ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် အပ်နှံသူ ၄ သိန်းနီးပါးအတွက် ဒီရက်ပိုင်းတွေအတွင်းမှာ အစိမ်းရောင်နေထိုင်ခွင့်ကဒ်တွေ အသစ် ထပ်မံထုတ်ပေးနေရာမှာ အပ်နှံသူ ၄ သိန်းနီးပါးအနက် ၁၀ ရက်တာကာလအတွင်းမှာ အစိမ်းရောင်ကဒ် ထုတ်ယူသူ ၃၀ ကျော်သာ ရှိပါတယ်။

ဒီလို ထုတ်ယူသူ နည်းပါးတာကတော့ အစိမ်းရောင်ကဒ်အပေါ် စိတ်ဝင်စားခြင်းမရှိတာနဲ့ တချို့ဒေသတွေမှာ ကဒ်အသစ်ထုတ်ပေးတာကို မသိတာကြောင့် ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တဲ့ မိုးပွင့်အထူးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို ပြန်လည်အပ်နှံဖို့ ကြေညာခဲ့တဲ့နောက် ရခိုင်ပြည်နယ်မှာ White Card ကိုင်ဆောင်သူ ၆ သိန်းကျော်အနက် ၃ သိန်း ၉ သောင်း ပြန်လည်အပ်နှံခဲ့ပါတယ်။

White Card အပ်နှံသူတွေကို ကဒ်အသစ်တမျိုး ထပ်မံ ထုတ်ပေးရာမှာတော့ ၁၀ ရက်တာ ကာလအတွင်းမှာ လူအနည်းငယ်သာ ပြန်လည်ထုတ်ယူခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

“White cards အပ်နှံတဲ့သူတွေကို အခုလက်ရှိကျနော်တို့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြားဆိုတာ လဲပြီးထုတ်ပေးနေပါတယ်။ အဲဒါကတော့ အပြာနုရယ်၊ အစိမ်းနုရယ် နည်းနည်းလေး သန်းပါတယ်ခင်ဗျ။ ကာလာ ၂ ကာလာ ထွက်တဲ့သဘောလိုပေါ့။ အခုကျနော်တို့ ၅ ရက်နေ့ကနေ စထုတ်ပေးတာပါခင်ဗျ။ ၃၇ ကဒ် ပေးထားပေးပါပြီ။ White cards တွေအပ်တာ လက်ခံတဲ့ နေရာတိုင်းမှာ၊ ကျနော်တို့ရဲ့ အခုလက်ရှိကဒ်ပြား ထုတ်ပေးရေးအဖွဲ့တွေ အဲဒီမှာ ကျနော်တို့စောင့်ပြီး လက်ခံ ဆောင်ရွက်ပေးနေပါတယ်။”

အစိမ်းရောင်ကဒ်ပြားသစ် ထုတ်ပေးချိန်မှာပဲ နိုင်ငံသားလျှောက်ထားတာကို လက်ခံပေးနေတယ်လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။

“အဲဒီ အပြာနုနဲ့ အစိမ်းနုနဲ့ သန်းထားတဲ့ ကဒ်ပြားလေးကို ထုတ်ပေးနေရင်းနဲ့ သူတို့နိုင်ငံသား ပြုခွင့်ရသူဆိုင်ရာ လျှောက်ထားမယ်ဆို စိစစ်ပေးပါတယ်။ ဒါကိုလျှောက်ထားနိုင်ပါတယ်။ လျှောက်ရင်လည်း ကျနော်တု့ိ စိစစ်ပေးပါမယ်လို့ လျှောက်လွှာတွေကို စိစစ်ပြီး လက်ခံတဲ့အလုပ် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။”

လက်ရှိ ထုတ်ပေးတဲ့ အစိမ်းရောင်ကဒ်ပြားသစ်ဟာ နေထိုင်ခွင့်အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားပြီးနောက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်အပေါ် မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ စစ်တွေမြို့ အောင်မင်္ဂလာစခန်းမှာ နေထိုင်သူတဦးကတော့ အစိမ်းရောင်ကဒ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“နေထိုင်ခွင့်လက်မှတ်ဆိုတာက အရင်ပေးထားတဲ့ ယာယီ သက်သေခံလက်မှတ်ထက်တောင် ပိုပြီး အဆင့်နိမ့်တဲ့ဟာ တခုပဲရှိတယ်။ ကျနော်တို့က မြန်မာနိုင်ငံမှာ နေထိုင်ပြီးသားလူလေ။ ကျနော်တို့ နှစ်ပေါင်းများစွာရှိနေပြီ။ ရာနဲ့ချီပြီးရှိနေပြီ။ ကျနော်တို့လိုချင်တာက ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံသားနဲ့ဆိုင်တဲ့ အထောက်အထားတခုကိုပဲ လိုချင်တယ်။ လူအများစုကတော့ ဒုက္ခသည်စခန်းမှာရော၊ ရွာတွေမှာရော၊ အစိမ်းရောင်ကဒ်တွေ နေထိုင်ခွင့်လက်မှတ်ကို ကျနော်တို့ လုံး၀ မစဉ်းစားဘူး။ လက်လည်းမခံဘူး။ ကျနော်တို့ကတော့ ဒီအတိုင်းပဲ နေသွားမှာပဲ။”

မောင်တောမြို့ခံ အစ္စလာမ်ဘာသာဝင် တဦးကတော့ သူတို့ဆီမှာ အစိမ်းရောင်ကဒ် ထုတ်ပေးတာ မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်တို့မောင်တောမှာတော့ အဲဒီဟာမျိုးတွေ မလုပ်ရသေးပါဘူး။ မြို့ပေါ်မှာတောင်မှ မစရသေးဘူး။ နယ်မှာလည်း မစရသေးပါဘူး။”

မောင်တောမြို့ခံက နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီတယ်ဆိုရင် ခရီးသွားလာခွင့်၊ အလုပ်လုပ်ပိုင်ခွင့် အပါအဝင် နိုင်ငံသားအားလုံးနဲ့ တန်းတူတဲ့ အခွင့်အရေးကို ရလိုကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ နိုင်ငံသားစိစစ်မှု ဆောင်ရွက်ရာမှာ ဘင်္ဂါလီဆိုတာကို လက်မခံတာကြောင့် အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အစိုးရက ဘင်္ဂါလီလို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို သူတို့နေထိုင်ရာ မြို့နယ်က ကျော်လွန်ပြီး ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနက ခွင့်ပြုချက်ရယူဖို့ လိုအပ်နေပါတယ်။

တနင်္လာနေ့က ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်ခံရတာကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အစာရေစာမပါဘဲ အိန္ဒိယသမုဒ္ဒရာထဲမှာ မျောပါနေတဲ့ကိစ္စအတွက် စိုးရိမ်ကြောင်းနဲ့ ဒီပြဿနာရဲ့ အခြေခံဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး အပါအဝင် တခြားသက်ဆိုင်တဲ့ အခွင့်အရေးတွေကို မပေးမချင်း ဒီပြဿနာဟာ ပြေလည်သွားမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေဟာ မြန်မာပြည်က သွားရောက်သူတွေ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေအရေးကို နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG