သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအစီရင်ခံစာ ဘင်္ဂလားရောက် ရိုဟင်ဂျာတွေကြိုဆို


မောင်တောဒေသ မွတ်စလင်ရွာတရွာက ဈေးတခု မီးလောင်ခံထားရစဉ် (အောက်တိုဘာလ ၂၇၊ ၂၀၁၆ ခုနှစ်)
မောင်တောဒေသ မွတ်စလင်ရွာတရွာက ဈေးတခု မီးလောင်ခံထားရစဉ် (အောက်တိုဘာလ ၂၇၊ ၂၀၁၆ ခုနှစ်)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖေါ်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကိုရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။ ဒီအစီရင်ခံစာပါ အထောက်အထားအချက်အလက်တွေအရ နိုင်ငံတကာဥပဒေအကျိုးဆောင်တွေကနေ သူတို့ရင်ဆိုင်နေရတဲ့ ညှမ်းပမ်းနှိပ်စက်ခံရမှုတွေကို ဖြေရှင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ရိုက်တာသတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာနေထိုင်တဲ့ မွတ်စလင်တွေအပေါ် ညှမ်းပမ်းနှိပ်စက်မှုတွေဟာ အင်မတန်ကို ဆိုးရွားပြင်းထန်ကြောင်း ဖေါ်ပြထားတဲ့ ဖေဖေါ်ဝါရီလ (၃)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါအပြင် သူတို့ ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်အောင် ကုလသမဂ္ဂဘက်က ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒုက္ခသည် ရိုဟင်ဂျာ ကျောင်းသားတဦးက အခုလိုပြောပါတယ်။

“အချိန်တွေကြာပြီးတဲ့နောက်မှာ ကျနော်တို့ဟာ တကယ့်ကို ညှင်းပမ်းနှိပ်စက်ခံနေရတယ်ဆိုတဲ့ အချက်အလက်အထောက်အထားတွေနဲ့ ဖေါ်ပြထားတဲ့ အစီရင်ခံစာတစောင်ကို ကုလသမဂ္ဂက ကမ္ဘာသိအောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် ကုလသမဂ္ဂကိုရော၊ ကုလသမဂ္ဂ ဥပဒေအကျိုးဆောင်တွေကို ကျနော် ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂက ထောက်ပြထားတဲ့ အချက်အလက်တွေအရ ဥပဒေအကျိုးဆောင်တွေကပဲ ကျနော်တို့ရဲ့ ပြဿနာကို တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉)ရက်နေ့က နယ်စပ်ကင်းရဲစခန်းတချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ ရွာတွေကို မီးရှို့ဖျက်စီးမှုတွေ စတဲ့ ညှမ်းပမ်းနှိပ်စက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုထိ စွပ်စွဲပြောဆိုနိုင်တဲ့ အခြေအနေမျိုးတောင် ရောက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ထွက်ပြေးလာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူ တွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ သွားရောက်တွေ့ဆုံ မေးမြန်းမှုတွေအရ မွေးကင်းစကလေးတွေ၊ လမ်းလျှောက်တက်စကလေးတွေအပါအဝင် အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေကို လုံခြုံရေးတပ်တွေက သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာပါ ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သူတို့ စိုးရိမ်မှုတွေရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်မှာဖြစ်ပြီး၊ လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်တာတွေရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ကုလသမဂ္ဂကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အလားတူ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက်စကားပြောဆိုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid al- Hussein ကလည်း စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကတိပေးပြောဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG