သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့်ရှ်-နတ်မြစ်ဆိပ်ကမ်းမှာ မလေးရှားသွားဖို့ကြိုးစားသူ ရိုဟင်ဂျာ ၁၀ ဦး အဖမ်းခံရ


အင်ဒိုနီးရှားမှား သောင်တင်သွားတဲ့ ရိုဟင်ဂျာ လှေစီးပြေး အမျိုးသမီးတဦး မလေးရှားက မိခင်ဖြစ်သူနဲ့ ဖုံးပြောနေစဉ်။ (၂၀၁၅၊ မေ ၂၂)
အင်ဒိုနီးရှားမှား သောင်တင်သွားတဲ့ ရိုဟင်ဂျာ လှေစီးပြေး အမျိုးသမီးတဦး မလေးရှားက မိခင်ဖြစ်သူနဲ့ ဖုံးပြောနေစဉ်။ (၂၀၁၅၊ မေ ၂၂)

ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၀ ယောက်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နတ်မြစ်ဝမှာရှိတဲ့ Shah Porir Dwip သင်္ဘောဆိပ်မှာ အမျိုးသမီးငယ် ၆ ယောက်နဲ့ အမျိုးသား ၄ ယောက်ကို RAB အထူးရဲတပ်ဖဲ့ွက ကြာသပတေးနေ့ညက စက်လှေပေါ် မတက်ခင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေရဲ့ အသက်တွေက ၂၂ နှစ်တောင်မပြည့်ကြသေးဘဲ မလေးရှားမှာ ငွေကြေး တတ်နိုင်တဲ့ အမျိုးသားတွေနဲ့ လက်ထပ်နိုင်တယ်ဆိုပြီး ဖျားယောင်းခံရတာဖြစ်တယ်လို့ RAB ရဲတပ်ဖွဲ့ အကြီးအကဲ Mahedi Hasan ရဲ့အပြောကို AFP သတင်းမှာ ရေးသားထားပါတယ်။ မလေးရှားကို သွားနိုင်ဖို့ အမျိုးသမီးတွေက တယောက်ကို ဒေါ်လာ ၁၀၀၊ အမျိုးသားတယောက်ကို ဒေါ်လာ ၂၅၀ နီးပါးပေးရပြီး ထိုင်းရေပိုင်နက်ကို ဖြတ်သွားတာနဲ့ နောက်ထပ် ဒေါ်လာ ၂ ထောင့် ၅ ရာစီ ပေးရမှာဖြစ်တယ်လို့သူကပြောပါတယ်။

လူကုန်ကူးသူ ဘင်္ဂလာဒေ့ရှ် လူမျိုးတယောက်ကိုလည်း ဖမ်းမိထားပါတယ်။ မလေးရှားကိုသွားဖို့ ကြိုးစားသူ ၁၀ ယောက်ထဲက ၂ ယောက်က မြန်မာနိုင်ငံကနေ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၁ ခုနှစ်ထဲက ဘင်္ဂလားဒေ့ရှ်မှာရောက်နေကြသူတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အလုံးအရင်းနဲ့ ရောက်လာကြသူတွေထဲက ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ရာသီဥတု ကောင်းမွန် သာယာလာတာနဲ့အတူ မလေးရှားဘက်ကို တရားမဝင်သွားဖို့ကြိုးစားသူတွေ ပိုပြီးများလာနေပါတယ်။ အခု နိုဝင်ဘာလဆန်းပိုင်းကလည်း ရိုဟင်ဂျာ ၃၃ ယောက်ပါတဲ့ စက်လှေတစင်းကို ဘင်္ဂလားပင်လယ်အော်ထဲမှာ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတမ်းစောင့်တပ်က ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း စစ်တွေမြို့ ဒုက္ခသည်စခန်းတွေကနေ စက်လှေနဲ့ မလေးရှားကိုသွားဖို့ ကြိုးစားတဲ့ မွတ်ဆလင်တွေကို အခုလထဲမှာ ၂ ကြိမ်ဖမ်းမိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG