ဂျူးဘုရားကျောင်းသွားတဲ့ ရောမခေတ်က ရှေးဟောင်းလမ်းမကြီး ဖွင့်ပွဲအခမ်းအနားကို အမေရိကန်အဆင့်မြင့် အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီရှေးဟောင်း လမ်းမကြီးကို ဖွင့်လိုက်တာကြောင့် ပါလက်စတိုင်းတွေရော အစ္စရေးသမိုင်း ပညာရှင်တချို့တို့ကပါ အမျက်ထွက်ခဲ့ကြပါတယ်။
လမ်းဟောင်းဖွင့်ပွဲ အခမ်းအနားကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး David Friedman ၊ အရှေ့အလယ်ပိုင်း စေ့စပ်ညှိနှိုင်းရေးမှူး Jason Greenblatt နဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Lindsey Graham တို့ တက်ရောက်ခဲ့ကြတာပါ။
ကမ္ဘာလှည့် ခရီးသွားတွေအနေနဲ့ မီတာ ၃၀၀ ရှည်တဲ့ အဲဒီရှေးဟောင်းလမ်းအတိုင်း လိုင်ဂူအတွင်းကို ဖြတ်လျှောက်သွားပြီး သမိုင်းကို လက်နဲ့ ကိုယ်တိုင် ထိတွေ့ ခံစားနိုင်မှာဖြစ်သလို လက်ရှိ အရှေ့ဂျေရုဆလင်မြို့အတွင်းမှာ တည်ရှိတဲ့ ဂျူးဘုရားကျောင်းရှိရာ တောင်ကုန်းပေါ်ကို တက်သွားနိုင်ကြမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က ကျင်းပတဲ့ လမ်းဟောင်းဖွင့်ပွဲအခမ်းအနားကို ဦးဆောင် ကျင်းပတဲ့ City of David Foundation က ပြောပါတယ်။
ဒီလမ်းဟောင်းကြီး ပြန်ဖွင့်နိုင်ရေးအတွက် ပါလက်စတိုင်းဒေသ Silwan အရပ်ဘက်မှာ လုပ်ဆောင်ခဲ့ရတာပါ။ ဒါဟာ ပါလက်စတိုင်းတွေ ဂျေရုဆလင်ကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ကြောင်း ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီစီမံကိန်းကို ကန့်ကွက်တဲ့ အစ္စရေးနိုင်ငံသားတချို့ကလည်း နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် လုပ်ဆောင်ခြင်းအဖြစ် ရှုမြင်ကြပြီး အမေရိကန်တွေ ဒီအခမ်းအနားကို တက်လာတာကို မလိုလားကြောင်း ပြောပါတယ်။