သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒန်ကလေ အာမခံနဲ့ လွတ်မြောက်မှု CPJ ကြိုဆို


အာမခံဖြင့် ပြန်လွတ်လာသူ မစ္စတာ ရော့စ် ဒန်ကလေ(ဝဲ) နှင့် အာမခံပေးသူ ဒေါက်တာတင်ထွန်းဦး(ယာ)။ မတ် ၂၉၊ ၂၀၁၁။
အာမခံဖြင့် ပြန်လွတ်လာသူ မစ္စတာ ရော့စ် ဒန်ကလေ(ဝဲ) နှင့် အာမခံပေးသူ ဒေါက်တာတင်ထွန်းဦး(ယာ)။ မတ် ၂၉၊ ၂၀၁၁။

မစ္စတာ ရော့စ် ဒန်ကလေ (Ross Dunkley) ကို ဖမ်းဆီးထားရာက မနေ့တုန်းက ကမာရွတ်မြို့နယ် တရားရုံးက ကျပ် သိန်း ၁၀၀ တန်ဖိုးရှိတဲ့ အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ သူ့အမှုကို ဆက်ပြီး ကြားနာစစ်ဆေးတဲ့ အခါမှာ လွတ်လပ်တဲ့ တရားစီရင်မှု ဖြစ်ပါ့မလားဆိုတာ သံသယရှိတယ်လို့ နယူးယောက်ခ် အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ရေး ကော်မတီက ပြောပါတယ်။ သူ့အပေါ် စွပ်စွဲချက်တွေဟာ ခိုင်လုံမှု မရှိဘဲ နောက်ကွယ်မှာ နိုင်ငံရေးပယောဂ ရှိနိုင်တယ်လို့လည်း CPJ က ယူဆပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာ ဒန်ကလေကို မနေ့က တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ CPJ သတင်းထောက်များ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ သူ ဆက်ပြီး ရင်ဆိုင်ရမယ့် တရားရေး ကိစ္စတွေမှာလည်း အများပြည်သူရှေ့ မျှတတဲ့ တရားခွင်ဖြစ်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ လိုမယ်လို့ CPJ က တောင်းဆိုပါတယ်။

မစ္စတာ ဒန်ကလေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ဖမ်းဆီးခံခဲ့ရပြီး အာမခံ အကြိမ်ကြိမ် လျှောက်ထားပေမဲ့ မနေ့ကမှ အာမခံ ရရှိခဲ့တာပါ။ ကျန်းမာရေး အကြောင်းကြောင့်နဲ့ မြန်မာတိုင်းမ်လို ဂျာနယ်ကြီးတစောင်ရဲ့ အယ်ဒီတာချုပ်ဆိုတဲ့ ဂုဏ်သိက္ခာကြောင့်တကြောင်း အာမခံ ပေးလိုက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ အာမခံ လျှောက်ထားပေးသူကတော့ မြန်မာတိုင်းမ်ရဲ့ လက်ရှိ အမှုဆောင် အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦး ဖြစ်ပါတယ်။

“အာမခံနဲ့ လွတ်ပါတယ်ခင်ဗျ။ ကျနော် အာမခံ လက်မှတ်ထိုးပေးလိုက်ပါတယ်ခင်ဗျ။ အမှုကတော့ မပြီးသေးဘူးပေါ့ဗျာ။ သူကတော့ အပြင်ရောက်သွားပြီပေါ့ဗျာ။ ထောင်ထဲမှာ မဟုတ်တော့ဘူး။ အခု အပြင်မှာ။ အေးအေးဆေးဆေးပဲ၊ သူလည်း ဝမ်းသာနေတယ်။”

မစ္စတာ ဒန်ကလေကို စတင်ဖမ်းဆီးစဉ်က လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ချိုးဖောက်မှုနဲ့ စတင်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက် ပြုမူမှု၊ မူးယစ်ဆေး တိုက်ကြွေးမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ မစ္စတာ ဒန်ကလေကတော့ စွဲချက်တွေကို ငြင်းထားတယ်လို့ သိရပါတယ်။ ဒီစွဲချက်တွေဟာ အခြားပယောဂ တခုခုကြောင့် ဖြစ်လာတယ်လို့ CPJ က သံသယရှိတဲ့အကြောင်း CPJ အာရှဒေသဆိုင်ရာ တာဝန်ခံ ဘော့ဘ် ဒိယက်ဇ် (Bob Dietz) က ဗွီအိုအေကို ပြောပါတယ်။

“ဒီအမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေးပယောဂ ဒါမှမဟုတ် စီးပွားရေးပယောဂ တခုခု ရှိနေတယ်လို့ ကျနော် သံသယ ရှိပါတယ်။ မစ္စတာ ဒန်ကလေရဲ့ အမှုကို ကြားနာစစ်ဆေးတဲ့အခါ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်လာပါ့မလားဆိုတာ ကျနော်တို့ စိုးရိမ်မိပါတယ်။ အခု စွဲချက်တင်ခံထားရတာတွေဟာလည်း ဘာမှ ခိုင်ခိုင်လုံလုံ မရှိပါဘူး။”

သြစတြေးလျနိုင်ငံသား ဒန်ကလေဟာ မြန်မာတိုင်းမ် ဂျာနယ်ကို စတင်ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာထောက်လှမ်းရေးအဖွဲ့ ဖြိုဖျက်ခံရပြီးတဲ့နောက် ပိုင်ဆိုင်မှုဆိုင်ရာ အပြောင်းအလဲတချို့ ရှိခဲ့ပါတယ်။ အခုလည်း မြန်မာတိုင်းမ် ပိုင်ဆိုင်မှုကိစ္စ ညှိနှိုင်းမှုမှာ တင်းတင်းမာမာ ဖြစ်နေတဲ့ အချိန်နဲ့ မစ္စတာ ဒန်ကလေ အဖမ်းခံရမှုဟာ တိုက်ဆိုင်နေတယ်လို့ သြစတြေးလျ သတင်းမီဒီယာတခုရဲ့ ဖော်ပြချက်ကို CPJ က ပြန်လည် ထောက်ပြထားပါတယ်။

မစ္စတာ ဒန်ကလေ အဖမ်းခံရပြီးတဲ့နောက်တော့ သူ့ရဲ့ အယ်ဒီတာချုပ် နေရာကို မြန်မာတိုင်မစ် ရှယ်ယာ အဓိက ပိုင်ဆိုင်သူ နောက်တဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးက ယူခဲ့ပါတယ်။ မစ္စတာဒန်ကလေရဲ့ အမှုကိုတော့ အခုလာမယ့် ဧပြီလ ၄ ရက်နေ့ကျရင် စွဲချက်တင်သင့် မသင့် တရားရုံးက ဆုံးဖြတ်မယ်လို့ သိရပါတယ်။

XS
SM
MD
LG