ဗြိတိန်နိုင်ငံမှာ တော်ဝင်မင်္ဂလာ မောင်နှံအသစ်ဖြစ်ကြတဲ့ ကိန်းဘရစ်ဂ်ျ မြို့စားနဲ့ မြို့စားကတော်ဖြစ်လာမယ့် မင်းသား ၀ီလျံနဲ့ ကက်သရင်း မစ်ဒဲလ်တန် တို့ဟာ ဘက်ကင်ဟမ် နန်းတော် လေသာဆောင်မှာ ပရိသတ် ထောင်ပေါင်း များစွာရဲ့ တောင်းဆိုမှုအရ မင်္ဂလာအနမ်းတွေပေးပြီး နှုတ်ဆက်ကြတာကို ပရိသတ်ကြီးက သောင်းသောင်းဖြဖြ အော်ဟစ် အားပေးကြပါတယ်။ နန်းတော်ရှေ့လမ်းစုံအ၀ိုင်းမှာ လူအုပ်ကြီးက စောင့်မျှော် နေပြီး တော်ဝင်စုံတွဲတို့ လေသာဆောင်ရှေ့ထွက် နှုတ်ဆက်တာနဲ့ လူအုပ်ကြီးက ၀မ်းပန်းတသာ ကောင်းချီးပေး နှုတ်ဆက်ကြတာပါ။
ခင်ပွန်းသည်နဲ့အတူ လူအုပ်ကြီးကို နုတ်ဆက်ဖို့ထွက်လာတဲ့ ကက်သရင်းက လက်ပြဝှေ့ယမ်းနှုတ်ဆက်ကြတဲ့ လူအုပ်ကိုတွေ့တဲ့အခါ အံ့အားတသင့် ဝေါင်း (Wow) ဆိုတဲ့ အာမေဋိတ်စကား ဆိုခဲ့ပါတယ်။
တော်ဝင်မောင်နှံဟာ လွတ်လပ်ပျော်ရွှင်နေပုံရပြီး ပရိသတ်က သူတို့ရဲ့ အနမ်းကို ၀မ်းသာအားရ အားပေး နှုတ်ဆက်တဲ့အခါ ဆက်ပြီးတော့ အနမ်းရှည် ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ မကြာခင်မှာပဲ လေသာဆောင်ကို ဘုရင်မကြီး အယ်လိဇဘက်၊ မင်းသားကြီး ဖိလစ်၊ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကြင်ယာ ကမဲလ်လာ၊ ကက်သရင်းရဲ့ မိဘတွေနဲ့ တော်ဝင်မိသားစုဝင်တွေ ထွက်လာပြီးတော့ တော်ဝင်မောင်နှံနဲ့အတူ ပရိသတ်ကို နုတ်ဆက်ကြပါတယ်။
တော်ဝင်လေတပ်နဲ့ Britain Memorial လေကြောင်းတို့ကလည်း ဝေဟင်မှာ ပြန်ဝဲပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံဟာ မိသားစုဝင်တွေ ထွက်ခွာသွားပြီးတဲ့အထိ လေသာဆောင်ကနေ မထွက်ခင် နောက်ဆုံး မိနစ်အထိ ပရိသတ်ကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြတဲ့ ကြည်နူးစရာ မြင်ကွင်းကို တွေ့မြင်ကြရပါတယ်။