သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အခြေအနေကျဆင်း


မြန်မာသတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေကြစဉ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် - ကျဆင်းနေတာတွေ့ရကြောင်းနဲ့ အမှန်တရားကို ထုတ်ဖေါ် ပြောဆိုသူတွေကို အစိုးရက အကာကွယ်ပေးပြီး သတင်းလွတ်လပ်ခွင့် အခြေနေကို မြှင့်တင်ပေးဖို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပန်ကြားလိုက်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်မှု အခြေအနေဟာ မနှစ် ၂၀၁၇ ခုနှစ်ကထက်စာရင် ပိုဆုတ်ယုတ်လာကြောင်း RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဧပြီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ NLD အစိုးရ လက်ထက်မှာ အစိုးရနဲ့ စစ်တပ်ကို ဝေဖန် ရေးသားတဲ့အတွက် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတာမျိုး ဆက်ရှိနေပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အစိုးရဦးစားပေး လုပ်ငန်းထဲမှာ မပါဘူးလို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း သတင်းထောက် ၂၀ ဖမ်းဆီး အရေးယူခံခဲ့ရပြီး အများစုဟာ ၆၆(ဃ) ပုဒ်မနဲ့ စွဲချက် တင်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လက တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို တပ်မတော်က ကိုင်တွယ် ဆောင်ရွက်တဲ့ နောက်ပိုင်း သတင်းထောက်တွေရဲ့ အခြေအနေပိုဆိုးလာကြောင်းနဲ့ သတင်းအမှောင် ချခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ဖို့ကြိုးစားတဲ့ သတင်းထောက်တွေ ဖမ်းဆီးထောင်ချ ခံကြရသလို ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကိုလည်း သတင်းယူခွင့် ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆန်းစစ်ဖေါ်ပြတဲ့ RSF ရဲ့ အညွှန်းကိန်းမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်မှုဟာ မနှစ်က အဆင့် ၁၃၁ ရှိခဲ့ရာက ဒီနှစ်မှာ ၆ ဆင့် လျော့ကျပြီး အဆင့် ၁၃၇ ဖြစ်သွားခဲ့တာပါ။ ဘာကြောင့် အခုလို ကျဆင်းခဲ့ရတာပါလဲ။ RSF အဖွဲ့ရဲ့ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ရုံး ဒါရိုက်တာ Margaux Ewen က

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် ကျဆင်းခဲ့တာကို ကျမတို့ သတိပြုမိပါတယ်။ သူ့ရဲ့ ဒီမိုကရေစီနဲ့ မီဒီယာတွေကို ခုခံကာကွယ်ပေးတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးပါ အယုံအကြည်မရှိပဲ ဖြစ်လာတာပါ။ ၂၀၁၇ သြဂုတ်လ ကစခဲ့တဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုဘယ်လ်ဆုရှင်တယောက်အနေနဲ့ တစုံတခု လုပ်ပေးမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ပိုဆိုး လာတာပဲ တွေ့ရသလို မြန်မာနိုင်ငံတွင်းက ပြဿနာဖြစ်နေတဲ့ နေရာမှာပါ သတင်းယူဖို့ စစ်တပ်က ခွင့်မပြုတဲ့ အထိတွေ့နေရပြီး သတင်းယူဖို့ ကြိုးစားတဲ့ သတင်းသမားတွေပါ အဖိနှိပ်ခံနေရတာပါ။ အထူးသဖြင့် ရိုက်တာသတင်းဌာနက ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ ဟာလည်း သတင်းယူဖို့ ကြိုးစားရင်း အဖမ်းခံနေရတဲ့ အပြင် နှစ်ပေါင်း ၁၄ နှစ်လောက် ထောင်ကျမယ့် အခြေနေနဲ့ အမှုရင်ဆိုင်နေရတာမို့ RSF က ဒါကို အထူးကို စိုးရိမ်ပါတယ်။"

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်ကျဆင်းခဲ့ရတဲ့ ထဲမှာ လူမှုမီဒီယာတွေမှာ အမုန်းတရားပြန့်ပွါးအောင် လုပ်နေတဲ့ အခြေနေကို မထိမ်းနိုင်တာကလည်း အချက်တချက်ဖြစ်ကြောင်း ပြောပါတယ်။ ဖေ့စ်ဘုတ်လို လူမှုမီဒီယာတွေမှာ မူစလင်တွေနဲ့ ပတ်သက်ပြီး ရေးသားမှုတွေကို ဗုဒ္ဓဘာသာ အစွန်းရောက်တွေက ခြိမ်းခြောက်တိုက်ခိုက်မှုတွေ လုပ်နေတာမို့ သတင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ဖြတ်တောက်ပြီးမှ တင်ကြတဲ့သဘော တွေ့နေရတာကလည်း သတင်းလွတ်လပ်ခွင့် အခြေနေကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေနေကောင်းလာစေချင်တယ်ဆိုရင် အမှန်တရားထုတ်ဖေါ်ပြောဆိုတဲ့ သူတွေကို အစိုးရကနေ အကာကွယ်ပေးပြီး အားဖြည့်ပေးဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။

"မြန်မာအစိုးရအနေနဲ့ အမှန်တရားကို ထုတ်ပြောသူတွေ ဥပမာ ရိုက်တာသတင်းထောက် ၂ ယောက်ကို ရဲတွေက ထောင်ချောက်ဆင် ဖမ်းတာမျိုး လုပ်တယ်လို့ ထုတ်ပြောတဲ့ ရဲအရာရှိလို လူမျိုးကို အကာကွယ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာနိုင်ငံမှာ သာမန်လူတွေတင် မကပဲ အစိုးရအမှုထမ်းတွေ ထဲမှာပါ ဒီလို အမှန်တရားကို ဖေါ်ထုတ်ပေးနေတဲ့ သတင်းသမားတွေရဲ့ လုပ်ရပ်ကို လေးစားတဲ့ လူမျိုးတွေ ရှိနေတယ်လို့ ကျမထင်ပါတယ်။ ဒါတွေကို အစိုးရက သေသေချာချာနားထောင် အားဖြည့်ပေးပြီး သတင်းလွတ်လပ်ခွင့် ကို ထောက်ခံမှု ပေးသင့်ပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဌာန်းချက်တွေအတိုင်း တိုင်းပြည်အသီးသီးက လိုက်နာ ဆောင်ရွက်မှု ရှိမရှိဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံက စစ်တမ်းကို ကောက်ယူခဲ့တဲ့ Freedom House အဖွဲ့ကလည်း ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုတော့ တစိတ်တပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ်ဖေါ်ပြထားပြီး လွတ်လပ်ခွင့်အရှိဆုံး အဆင့် ၁ ကနေ လွတ်လပ်ခွင့်မရှိတဲ့ အဆင့် ၇ အကြားက တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၅ မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG