သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့် တဆင့်တက်ပေမဲ့ အခြေအနေစိုးရိမ်ရဆဲ


မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ နိမ့်ကျနေဆဲဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြောဆိုလိုက်ပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ တစုံတရာ ရရှိလာတယ်လို့ မြင်နိုင်ပေမဲ့ - သတင်းထောက်တွေရဲ့ လုံခြုံရေးအပိုင်းလို စိုးရိမ်စရာ အခြေအနေတွေလည်း အများကြီး ရှိနေဆဲဖြစ်တယ်လို့ RSF က ထောက်ပြခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

၂၀၁၆ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့် အဆင့်အတန်းနဲ့ ပတ်သက်တဲ့ အညွှန်းကိန်းကို ဧပြီလ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာမှာ - ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံကို အဆင့် ၁၄၃ နေရာမှာ ဒီနှစ် သတ်မှတ်ထားတာပါ။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ၁၄၄ ထက်စာရင် သတင်းလွတ်လပ်ခွင့် အဆင့်ဟာ တဆင့် တက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း RSF ရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Benjamin Ismail ကတော့ - မြန်မာနိုင်ငံရဲ့ အဆင့်ဟာ တက်လာတယ်ဆိုပေမဲ့လည်း - ဦးသိန်းစိန် အစိုးရဟောင်းလက်ထက် မီဒီယာလွတ်လပ်ခွင့်တွေ ပိုမို ဆုံးရှုံးလာနေတာ တွေ့ခဲ့ရတယ်လို့ ပြောဆိုပါတယ်။

“တကယ်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေက ပိုဆိုးလာတာပါ။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်ကိုကြည့်ရင် တဆင့်တက်သွားတာ မှန်ပါတယ်။ ဒါပေမဲ့ သတင်းလွတ်လပ်ခွင့် စုစုပေါင်းရမှတ်က အရင်နှစ်ကထက် ပိုများတာ တွေ့ရပါတယ်။ အမှတ်များရင် ဒီနေရာမှာ ချိုးဖောက်မှုတွေ ပိုများလာတာကို ပြသပါတယ်။ ကျနော်တို့ သတင်းထောက်တွေထံက ကောက်ခံခဲ့တဲ့ စစ်တမ်းက ရရှိတဲ့ အဖြေတွေကနေ အခုလို စာရင်းပြုစုပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။”

၂၀၀၂ ခုနှစ်ကစလို့ RSF ကနေ နိုင်ငံပေါင်း ၁၈၀ က သတင်းထောက်တွေထံ သတင်းလွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ခံချက်တွေကို အခြေခံပြီး အခုလို စာရင်းပြုစုရာမှာ ဒီနှစ်အတွက် ကမ္ဘာတဝှမ်း အညွှန်းကိန်း စုစုပေါင်း အမှတ်က ၃၈၅၇ မှတ် ရှိပြီး၊ ပြီးခဲ့တဲ့နှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ ဒီလို အမှတ်တိုးလာလေ သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ပိုဆိုးလာတာ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သုံးသပ်ချက်တွေကို လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်နဲ့ ဆင်ဆာဖြတ်တောက်မှုတွေ လျော့နည်းလာ တာလို တိုးတက်မှုမျိုးတွေကို မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရပေမဲ့ - အစိုးရနဲ့ စစ်တပ်လို အာဏာပိုင်အဖွဲ့အစည်းတွေကို ဝေဖန်တာမျိုး၊ ဗုဒ္ဓဘာသာဝင် တွေနဲ့ မူဆလင်တွေအကြား ဖြစ်ပွားတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး သတင်းရေးသားရာမှာတော့ အကဲဆတ်လွန်းတဲ့ အခြေအနေမှာ ရှိနေဆဲပဲလို့လည်း အစီရင်ခံစာမှာ ထောက်ပြခဲ့တာပါ။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ သတင်းထောက် ကိုပါကြီးရဲ့အမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက တရားရုံးမှာ အမှုဖွင့်တိုင်တန်းထားပေမဲ့ - အာဏာပိုင်တွေက ပြီးခဲ့တဲ့လမှာ ပိတ်ပစ်ခဲ့တဲ့အပေါ် RSF က ဝေဖန်လိုက် ပြီး၊ သတင်းထောက် ကိုပါကြီး လို မီဒီယာသမားတွေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ရတဲ့ ကိစ္စမျိုးတွေကို အရေးယူ ကိုင်တွယ်မှု မရှိတာဟာလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို နောက်ပြန်ဆွဲနေတဲ့ လုပ်ရပ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“သတင်းမီဒီယာသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ကိစ္စဟာ မြန်မာနိုင်ငံအတွက် အလွန်ပဲ အရေးကြီးတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသား သတင်းသမားတွေအတွက်လည်း အရေးကြီးပါတယ်။ ရွှေဝါရောင်သံဃာလှုပ်ရှားမှု ကာလတုန်းက ဂျပန်သတင်းထောက် ခန်းဂျိနာဂါအိ ကို ကျနော်တို့ အားလုံး အမှတ်ရနေကြတုန်းပါ။ အဲဒီကိစ္စမှာလည်းပဲ တာဝန်ရှိတဲ့လူ တယောက်ကိုမှ အရေးယူတာမျိုး မရှိခဲ့ပါဘူး။”

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားစစ်စစ် အစိုးရလက်ထက် - သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုမို ရရှိလာဖို့ မျှော်လင့်ပေမဲ့လည်း စိုးရိမ်စရာကိစ္စတွေကတော့ ရှိနေဆဲပဲလို့လည်း RSF က ဆိုပါတယ်။ တချိန်က ပြည်ပနိုင်ငံတွေမှာ အခြေစိုက် လှုပ်ရှားခဲ့တဲ့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့လည်း အကန့်အသတ်တွေကြားမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရသလို၊ ဒီမိုကရေစီဆန်တဲ့ မီဒီယာဥပဒေတရပ် ပေါ်ထွန်းလာဖို့လည်း လိုအပ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ စောင့်ကြည့်ဖို့တော့ လိုဦးမယ်လို့ Benjamin Ismail က ဆက်ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အနာဂတ် သတင်းလွတ်လပ်ခွင့်အပေါ် အကောင်းမြင်သင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ခိုင်ခိုင်မာမာ အထောက်အထားတွေ လည်း ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သတိထားစရာ၊ စိုးရိမ်စရာ အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အပြည့်အဝရရှိအောင် ဆောင်ရွက်မှုတွေ ရှိ - မရှိ ဆိုတာက စောင့်ကြည့်ရပါလိမ့်မယ်။”

RSF ရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Benjamin Ismail ဖြစ်ပါတယ်။ အလားတူ သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်ရဲ့ ဆင်ဆာတည်းဖြတ်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းဖော်ပြထားပြီး၊ ဦးသိန်းစိန်အစိုးရဟောင်း လက်ထက်မှာ ပုံနှိပ်မထုတ်ဝေခင် ဆင်ဆာဖြတ်တောက်မှုတွေ မရှိတော့ပေမဲ့ - သတင်းမီဒီယာတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲလို့ ထောက်ပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG