သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DVB သတင်းထောက်ကို ထောင်ချတာ RSF ရှုတ်ချ


www.rsf.org
www.rsf.org
ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ ကို ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တာဟာ သက်ဆိုင်ရာ တရားရုံးအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်လိုက်တာဖြစ်တယ်လို့ ပဲရစ်မြို့ အခြေစိုက် RSF ခေါ် နယ်စီးမခြား သတင်းထောက်များအဖွဲ့က ရှုတ်ချလိုက်ပါတယ်။ ဒေသဆိုင်ရာ အရာထမ်းတွေက သူတို့အတွက် ကသိကအောက်ဖြစ်ရတယ်ဆိုတဲ့ ခံစားချက်နဲ့ သတင်းသမား တစ်ဦးရဲ့ လုပ်ငန်းကို ဟန့်တားပြီး ထောင်ဒဏ် ချမှတ်တာကို လုံးဝ လက်မခံနိုင်ဘူးလို့လည်း RSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ RSF ရဲ့ အာရှပိစီဖိတ် ညွန်ကြားရေးမှူ း Benjamin Ismaïl ကို ဦးကျော်ဇံသာက ဒီကိစ္စနဲ့ပါတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။

VOA - Benjamin Ismaïl ခင်ဗျာ။ အခု ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ကို ပြစ်ဒဏ် ချမှတ်တယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ အရပ်ဖက်တရားရုံးက ချမှတ်တာပါ။ အရပ်သားတွေ တရားသူကြီးတွေထိုင်တဲ့ တရားရုံးက ချမှတ်တာပါ။ အရင်တုန်းကလို စစ်တရားရုံးတို့ အကျဉ်းရုံး စစ်ဆေးတဲ့ တရားရုံးတွေက ပြစ်ဒဏ် ချမှတ်တာမဟုတ်ပါဘူး။ ဒီလို တရားရုံးက ပြစ်ဒဏ် ချမှတ်တာ အရပ်ဖက် တရားရုံးက ပြစ်ဒဏ်ချမှတ်တာ ဘာများပြောစရာရှိလဲခင်ဗျာ။

RSF- အိမ်ကျော်နင်းမှု ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းကို နှောင့်ယှက်မှု ဆိုတဲ့ ဥပဒေဖောက်ဖျက်မှုတွေဟာ ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တော့ မထိုက်တန်ဘူးလို့ ယူဆပါတယ်။ သူကလည်း သတင်းထောက်တစ်ယောက် အနေနဲ့ တာဝန် ထမ်းဆောင်နေခြင်း သာဖြစ်ပါတယ်။ အများပြည်သူ အကျိုးရှိတဲ့ လူထုစိတ်ဝင်စားမှုရှိတဲ့ ကိစ္စတစ်ရပ်ကို စူးစမ်းနေခြင်းသာဖြစ်ပါတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်စရာ အကြောင်းကတော့ လုံးဝမရှိပါဘူး။

VOA - တစ်ချို့ကလည်းပြောကြတယ် ကိုဇော်ဖေဟာတဲ့ သတင်းထောက်အနေနဲ့ သူသွားတာအပြင် မကျေနပ်တဲ့ တစ်ယောက် ကိုလည်း ခေါ်သွားတယ် လို့ ပြောပါတယ်။ ဆိုတော့ အဲ့လိုလုပ်တဲ့အတွက် သတင်းထောက်တို့ရဲ့ လုပ်ရိုးလုပ်စဉ် သတင်းထောက်တို့ရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်တယ်လို့ တစ်ချို့က သုံးသပ်ကြပါတယ်။ ဘယ်လို သဘောရသလဲ အဲဒီကိစ္စကို။

RSF- သတင်းထောက်တို့ရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်တယ်လို့ ဘယ်လိုပဲ ဆိုဆို ထောင်ဒဏ် တစ်နှစ် ချရလောက်အောင်တော့ မဟုတ်ပါဘူး။ ဒါဟာ လုံးဝ မျှတမှု မရှိပါဘူး။ သတင်းထောက်တစ်ယောက်အနေနဲ့ အကြောင်းအရာ တစ်ခုကို ဘယ်ပုံစံနဲ့ပဲ စုံစမ်းစုံစမ်း သူနဲ့ အတူ ဘယ်သူပဲ လိုက်လာလာ မလာလာ ဘာမှ မထူးပါဘူး။ ဒီမှုက တရားစီရင်ရေး အာဏာကို အလွဲသုံးစား လုပ်တာဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒါဟာ ရန်ကုန်တို့ နေပြည်တော်တို့ မှာ ကျတော့ သတင်းသမားတွေကို လွတ်လပ်ခွင့်ပေးပြနေပြီး ကျန်တဲ့နေရာတွေမှာ ကျတော့ ဒေသခံအာဏာပိုင်တွေက ထင်သလို ချုပ်ချယ်နေကြတယ် ဆိုတာကိုလည်း ပြသနေတာလည်းဖြစ်ပါတယ်။

VOA - ဒီ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ အခုအခါ မှာ နိုင်ငံတကာက မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေး တကယ် လုပ်နေပါပြီ ဆိုတာနဲ့ ပါတ်သက်ပြီးတော့ အဓိက အမှတ်ပေးခံရတဲ့ ကိစ္စတစ်ခုပါ။ ဒီသတင်းလွတ်လပ်ခွင့် တကယ်ရှိလာပြီ ဆိုပြီး သူသူငါငါ ပြောနေကြပါတယ်။ ဒီအချိန်မှာ ဒီအမှုမျိုးပေါ်လာတယ်ဆိုတော့ ဒါကို ဘယ်လို သုံးသပ်မလဲခင်ဗျ - Benjamin တို့။

RSF- သတင်းလွတ်လပ်ခွင့် ရှိလာတယ်လို့ အသိအမှတ်ပြုခံ ရတာက ကောင်း ပါတယ်။ ဒါပေမဲ့ ဒီလို သတင်းလွတ်လပ်ခွင့် မူဝါဒတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့တော့ လိုအပ်ပါတယ်။ အခုလို သတင်းထောက် တစ်ယောက်က သတင်းရယူတာကို ထောင်ဒဏ်ချမှတ်တဲ့ ဖြစ်ရပ်မျိုး ဆိုတာကလုံးဝ မရှိသင့်ပါဘူး။

VOA- နောက်ဆုံးမေးချင်တာကတော့ RSF အနေနဲ့ ဘာဆက်လုပ်မလဲခင်ဗျ။

RSF- ကျနော်တို့က သတင်းထောက် ကိုဇော်ဖေရဲ့ ရှေ့နေ ဦးသန်းထွန်း ဒီဗွီဘီတို့နဲ့ အနီးကပ် ဆက်သွယ်နေပါတယ်။ အမှုကိုလည်း အသေးစိတ်စောင့်ကြည့်နေပါတယ်။ ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက်လည်း အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း ကိုလည်း ဒီကိစ္စကိုဖိအားပေးဖို့ ကျနော်တို့တောင်းဆိုပါတယ်။

RSF ရဲ့ အာရှပစိဖိတ် ညွန်ကြားရေးမှူး Benjamin Ismaïl ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ RSF ရဲ့ ၂၀၁၄ ခုနှစ် အတွက် သတင်းလွတ်လပ်ခွင့်အညွန်းစာရင်း ပါ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄၅ မှာ ရှိနေပါတယ်။
XS
SM
MD
LG