သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်း လွတ်လပ်ခွင့်အခြေအနေ RSF သုံးသပ်


RSF အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၄ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း။
RSF အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၄ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း။
မြန်မာအစိုးရက သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် အခုနှစ်အတွင်း ကန့်သတ် ချုပ်ခြယ်မှုတွေ ပြုလုပ်လာနေတာကို တွေ့ရတဲ့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ အရှိန် လျော့ကျလာနေပြီလားလို့ ကမ္ဘာတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ဆောင်ရွက်နေတဲ့ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုအခြေအနေဟာ လွန်ခဲ့တဲ့တနှစ်အတွင်း တိုးတက်မှုအနည်းငယ် ရှိခဲ့တယ်ဆိုတာကိုလည်း RSF အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၄ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းထဲမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ဒီကနေ့ ထုတ်ပြန်လိုက်တာမှာ မြန်မာနိုင်ငံဟာ မနှစ်က ၁၅၁ နေရာမှာ ရှိနေခဲ့ရာက ၁၄၅ အထိ ၆ နေရာ တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရက သတင်းထောက်တွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နောက် AP လို နိုင်ငံတကာ သတင်းဌာနတခုကို ခေါ်ယူသတိပေးတာတွေ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုပြီး စိတ်ပူမိတယ်လို့ RSF ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့ မနှစ်ကထက်စာရင် ကျနော်တို့ ပိုပြီး စိတ်ပူမိပါတယ်။ ဒါဟာလည်း ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သတင်းထောက်တွေ ပြန်လွှတ်ပေးလိုက်တာ၊ နောက် ၂၀၁၂ ခုနှစ်ထဲမှာပဲ ဆင်ဆာ ဖြတ်တောက်မှုတွေ တဖြည်းဖြည်း လျှော့ချပေးလာတာ စတဲ့ မြန်မာအာဏာပိုင်တွေ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကြောင့် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုလိုက်တာ၊ ပုဂ္ဂလိကပိုင် အွန်လိုင်း သတင်းမီဒီယာနဲ့ ရေဒီယိုအသံလွှင့်ဌာနတွေ ပေါ်ထွက်လာတာတွေ ဟာ တိုးတက်မှုဖြစ်တယ်လို့ RSF ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစပိုင်းမှာ နိုင်ငံတကာ အသိုင်းဝိုင်းက အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ကြပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်နှေးစပြုလာတာနဲ့အမျှ နိုင်ငံတကာ NGO တွေဘက်ကလည်း စိုးရိမ်မှုတွေ စတင် ဖြစ်ပေါ်လာနေပြီလို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ရှိအတိုင်း အရှိန်ကောင်းကောင်းနဲ့ ဆက်လက် လုပ်ဆောင်နိုင်ဖို့ အခက်တွေ့နေပုံရတယ်လို့လည်း Benjamin Ismail က ထောက်ပြပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိဘူးဆိုတဲ့ လက္ခဏာတွေကို ဒီနှစ်ထဲမှာ အစိုးရဘက်က ပြလာနေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် - ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ အစိုးရက ဘာကြောင့် ဆင်ဆာ လုပ်နေတာလဲဆိုတာ၊ နောက် ဆင်ဆာလုပ်ပိုင်ခွင့်တွေကို ပြန်လည် ကျင့်သုံးလာတာတွေဟာ သိသာတဲ့ အချက်တွေ ဖြစ်ပါတယ်။”

နောက် အစိုးရနဲ့ လွှတ်တော်အနေနဲ့ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ မီဒီယာဥပဒေကို ချမှတ် ပြဌာန်းနိုင်ခြင်း မရှိသေးတာကလည်း မေးခွန်းထုတ်စရာ အချက်ဖြစ်နေတယ်လို့ Benjamin က ပြောပါတယ်။ ဒါကြောင့် အစိုးရနဲ့ လွှတ်တော်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေတယ်ဆိုတာထက် အဲဒီ ဖွံ့ဖြိုးမှုကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် မီဒီယာဥပဒေ ပြဌာန်းနိုင်ရေးကို ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ Benjamin Ismail က ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ မပြီးပြတ်သေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဝိုင်းဝန်း ချီးကျူး ပြောဆိုတာ၊ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးတာတွေဟာ စောလွန်းနေသလားလို့ မေးခွန်းထုတ်စရာရှိတယ်လို့ သူက ပြောပါတယ်။

“ပိတ်ဆို့ထားတာတွေအားလုံးကို ပြန်ရုပ်သိမ်းပေးလိုက်တာ၊ အရှေ့တောင်အာရှ ဆီးဂိမ်း မြန်မာနိုင်ငံမှာ ကျင်းပတာ၊ အာဆီယံအလှည့်ကျဥက္ကဌ ပြုလုပ်ခွင့်ပြုလိုက်တာ စတဲ့ အချက်တွေဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု စောလွန်းရာ ရောက်နေပါတယ်။ အဲဒီအချက်တွေက လုပ်ငန်းတွေပြီးဆုံးပြီ၊ တိုင်းပြည်ဟာလည်း ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်နေပြီ၊ သတင်းလွတ်လပ်ခွင့်တွေလည်း အာမခံချက်ရှိနေပြီ၊ သတင်းထောက်တွေလည်း သူတို့ အမြင် အယူအဆတွေကို လွတ်လပ်စွာ ပြောဆိုနိုင်ပြီလို့ ယူဆပြီး မှားယွင်းတဲ့ အချက်ပေးမိသလို ဖြစ်စေပါတယ်။”

RSF ရဲ့ ၂၀၁၂ အညွှန်းကိန်းမှာ ၁၆၉ ရှိနေရာက မနှစ် ၂၀၁၃ ခုနှစ် အညွန်းကိန်းမှာ ၁၅၁ အထိ တက်လာကြောင့် ဒါဟာ မြန်မာနိုင်ငံအနေနဲ့ တနှစ်အတွင်း အမြင့်ဆုံး တက်လာခြင်းလည်း ဖြစ်ပါတယ်။

RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ဒီအညွှန်းကိန်းဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သတင်းမီဒီယာလောက၊ နိုင်ငံရေးအသိုင်းအဝိုင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေ စတဲ့သူတွေက တင်ပြလာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး နှစ်စဉ် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG