သုံးရလွယ်ကူစေသည့် Link များ

7 Day Daily အပေါ် စစ်တပ် တရားစွဲမှု RSF နဲ့ AHRC တုန့်ပြန်


7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းကျောင်းဆင်း တချို့နဲ့ ပြန်လည် တွေ့ဆုံပွဲ အတွင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းရဲ့ ပြောကြားချက် ကို ရေးသားဖော်ပြ ခဲ့တဲ့အတွက် 7Day Daily နေ့စဉ်သတင်းစာကို စစ်တပ်က တရားစွဲဆိုလိုက်တာဟာ ဒီမိုကရေစီ စနစ်အရ နိုင်ငံတကာက သတ်မှတ်ထားတဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပြောပါတယ်။ ဒီကိစ္စကို ဥပဒေကြောင်းအရ တရားမျှတစွာ ဆုံးဖြတ်မယ်ဆိုရင် 7Day Daily နေ့စဉ်သတင်းစာအနေနဲ့ အရေးယူခံရနိုင်စရာ မရှိဘူးလို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ အပြည့်အစုံ ကို တော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စစ်တက္ကသိုလ် ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း - ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီလ ၂၄ ရက်နေ့ထုတ် 7Day Daily နေ့စဉ်သတင်းစာမှာ ဆောင်းပါး ရေးသားခဲ့တဲ့ သတင်းထောက် မင်းဟိန်းကျော်နဲ့ အယ်ဒီတာ ဦးသောင်းစုငြိမ်းတို့ ၂ ဦးကို တပ်မတော်ကိုယ်စား ဒု ဗိုလ်မှူးကြီးလင်းထွန်းက ကမာရွတ် ရဲစခန်းမှာ ဇွန်လ ၂၅ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ (၁၃၁) နဲ့ အမှုဖွင့် တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ်ရာရောက်တဲ့ တရားရုံးတော်မှာ အခုလို အမှုဖွင့်တိုင်ကြားခြင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေနဲ့ ဆန့်ကျင်ရာရောက်နေကြောင်း RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ Benjamin Ismail က ပြောပါတယ်။

“အခြေခံသဘောတရားအရ ဒါဟာ လက်ခံလို့ မရနိုင်တဲ့ ကိစ္စပါ။ နိုင်ငံရေးနဲ့ နိုင်ငံသား အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံချိန် စံညွန်းတွေနဲ့ ပဋိညာဏ် စာချုပ်တွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စတင် ပွင့်လင်း လာကတည်းက ဥပဒေရေးရာ ကိစ္စရပ်တွေကို အလျင်အမြန် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကျွန်တော် တို့ တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်း မီဒီယာတွေ အတွက် အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးခြင်းအားဖြင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီ စံနစ်လည်း အခြေခိုင်လာစေမှာ ဖြစ်ပါတယ်။”

အခု စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ (၁၃၁) အရ ပြစ်မှု ထင်ရှား ကြောင်း တွေ့ရှိ ခဲ့ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ကျခံရနိုင်ခြေရှိတယ်လို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

“ဒီပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၃၁) မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြည်း၊ ရေ၊ လေ တပ်မတော်တခုခုမှာ တပ်သားအဖြစ်သော်၎င်း၊ အရာရှိ အဖြစ်သော်၎င်း၊ စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို မည်သူမဆို အားပေးကူညီလျှင်၊ ဒါမှမဟုတ် လို့ရှိရင် တာဝန်ဝတ္တရား မဆောင်ရွက်စေခြင်းငှာ သွေးဆောင်ရာ အားထုတ်လို့ရှိရင် တသက်တကျွန်းဒဏ်ဖြစ်စေ၊ (၁၀) နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ် ဆိုပြီးတော့ ပြဌာန်း ထားတာကို ကျနော်တို့ တွေ့ရတယ်။”

ဒါပေမယ့် ဥပဒေကြောင်းအရ တရားမျှတစွာ ဆုံးဖြတ်မယ်ဆိုရင် 7Day Daily သတင်းစာအနေနဲ့ အရေးယူ ခံရနိုင်စရာ မရှိဘူးလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒီနေရာမှာ ကျနော်တို့က တခုစဉ်းစားရမှာက ဒီလိုမျိုး စစ်ပုန်ကန်မှုမြောက်အောင်၊ အားပေးကူညီတယ်။ သွေးဆောင် ဖျားယောင်တယ်လို့ ဆိုရ လောက်အောင်၊ ပြောရမယ် ဆိုလို့ရှိရင်၊ ကျနော်တို့ ဒီသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ အရေးပါလာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ သတင်း မီဒီယာတွေကနေပြီး တပ်မတော်ကနေပြီးတော့ ထုတ်ပြန်တဲ့ သတင်းတွေကို မမှန်မကန်ဖြစ်အောင် ပြောတယ်၊ တပ်မတော်ကို ထိခိုက် နစ်နာစေ လိုတဲ့အနေနဲ့ တမင် ရည်ရွယ် ရေးသားတယ်ဆိုလို့ရှိရင်တော့ ဒီဥပဒေပုဒ်မနဲ့ အကျုံးဝင်နိုင်တာပေါ့လေ။ သို့သော်လည်းပဲ အဲဒီလို မဟုတ်ဘဲနဲ့ တဦး တယောက်ပြောတဲ့ စကားကို ဖော်ပြယုံလောက်နဲ့ ဒီလို အရေးယူတယ် ဆိုတာကတော့ တကယ်တန်း အရေးယူမယ်ဆိုလို့ရှိရင် ပြောဆိုတဲ့သူကို အရေးယူဖို့ လိုအပ်တာပေါ့နော်။ သို့သော်လည်းပဲ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ဒီပြောဆိုတဲ့အပေါ်မှာ သတင်းစာမှာ ရိုက်နှိပ်ဖော်ပြယုံနဲ့ ဒီလို အရေးယူတယ် ဆိုတာ ကတော့၊ ပြောတဲ့ သူကို အရေးမယူပဲနဲ့ တဆင့် ပြန်တင်ပြတဲ့သူကို အရေးယူတယ် ဆိုတာကတော့ ဥပဒေအရကြည့်ရင်တော့ တမျိုးဖြစ်နေတာပေါ့ဗျာ။ အဲဒီတော့ ဒီဥစ္စာကို မှန်မှန်ကန်ကန် စစ်ဆေး စီရင် ဆုံးဖြတ်မယ်ဆိုရင်တော့ ဒါက 7Day အနေနဲ့ ဘာမှ အခက်အခဲမရှိလောက်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

တကယ်တော့ ဒီအမှုကို ကြည့်မယ်ဆိုရင် အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည်တဲ့အချက်ပါဝင်သလို စိုးရိမ်စရာကောင်းတဲ့အချက်လည်း ပါဝင်နေတာကို တွေ့နိုင်တယ်လို့ Benjamin Ismail က သုံးသပ်ပါတယ်။

“အပြုသဘောဆောင်တဲ့အချက်ကတော့ - အွန်လိုင်းပေါ်မှာဖြစ်ဖြစ်၊ သတင်းစာတွေမှာဖြစ်ဖြစ် ဖော်ပြလာတဲ့ အချက်အလက်တွေကို စစ်တပ်အနေနဲ့ သဘောမတူဘူး၊ မနှစ်သက်ဘူးဆိုရင် လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ တရားစွဲတာမျိုး လုပ်ဆောင်လာတဲ့အချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းကဆိုရင် ဒီလိုမျိုး ဖြစ်မှာမဟုတ်ပါဘူး။ စစ်တပ် အနေနဲ့ ရေးသား ဖော်ပြတဲ့ သတင်းမီဒီယာသမားတွေ၊ အသံလွှင့်တဲ့ သူတွေကို တိုက်ရိုက် ဖမ်းဆီး၊ တဖက်သတ် ဆုံးဖြတ်ချက်ချပြီး ထိန်းသိမ်းထားတာမျိုး ခံရနိုင်ပါတယ်။ အခုဆိုရင် စစ်တပ်က သူတို့ တုန့်ပြန်ချင်တဲ့ကိစ္စကို တရားစီရင်ရေး စနစ်အတိုင်း ဆောင်ရွက် လာတာကို တွေ့ရပါတယ်။ စိုးရိမ်စရာကောင်းပြီး အရေးကြီးတဲ့အချက်ကတော့ - မြန်မာနိုင်ငံအတွင်းမှာ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပေဒတွေ ဆက်ရှိနေသေးတဲ့ အချက် ဖြစ်ပါတယ်။ ဥပဒေရေးရာ ကိစ္စတွေအတွက် ပြုပြင် ပြောင်းလဲမှုတွေ မပြီးဆုံးသေးတဲ့အတွက် သတင်းမီဒီယာသမားတွေနဲ့ သတင်းဖြန့်ချိသူတွေအနေနဲ့ အဲဒီ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေနဲ့ အရေးယူခံရနိုင်ပါတယ်။ ဒီကိစ္စ မှာတော့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူဖို့ စစ်တပ်က တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။ အခုစွဲဆိုတဲ့ ပုဒ်မအရ သတင်းမီဒီယာသမားတွေအနေနဲ့ ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံကြရနိုင်ပါတယ်။”

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ကျောင်းဆင်းပွဲ (၄၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ညီနောင်တွေ အနေနဲ့ နိုင်ငံနဲ့ ပြည်သူတွေ အကျိုးကို မေတ္တာ၊ သစ္စာဖြင့် အုပ်ချုပ်မယ့်သူတွေကို မုဒိတာနဲ့ ပါဝင်ကူညီ ဆောင်ရွက်ဖို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ရေးသား ဖော်ပြခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ကန့်ကွက်ကြောင်း ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ တပ်မတော် ပြန်ကြားရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်တပ်က အခုလို တရားစွဲလိုက်တာဟာ သတင်းမီဒီယာအနေနဲ့ စစ်တပ်နဲ့ ဆိုင်တဲ့ ကိစ္စတွေကို ရေးသား ဖော်ပြခြင်းမရှိအောင် သတိပေးလိုက်ရာရောက်ကြောင်း၊ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးသလို လက်ရှိ အရပ်သားအစိုးရကို အကျပ်အတည်းဖြစ်အောင် စစ်တပ်က တွန်းပို့သလို ဖြစ်နေကြောင်း သတင်း မီဒီယာသမားတွေက ဝေဖန်လိုက်ကြပါတယ်။

7Day Daily နေ့စဉ် သတင်းစာကို စစ်တပ်က အခုလို အမှုဖွင့် တရားစွဲလိုက်တာနဲ့ ပတ်သက်လို့ နှစ်ဘက် ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ ကျေအေး ပြေငြိမ်းခြင်းကိုသာ လိုလားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဇွန်လ ၂၇ ရက်နေ့ ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG