သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမား (၄) ဦးဝင်ရောက်မှု မြန်မာရဲတပ်ဖွဲ့ သတိပေး


ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ RSO - ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့က အကြမ်းဖက်သမား (၄) ဦး။ (ဓာတ်ပုံ နိုင်ကွန်းအိမ်)
ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ RSO - ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့က အကြမ်းဖက်သမား (၄) ဦး။ (ဓာတ်ပုံ နိုင်ကွန်းအိမ်)

မွန်ပြည်နယ်အတွင်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကလို့ယူဆရတဲ့ အကြမ်းဖက်သမား (၄) ဦး ဝင်လာတဲ့အတွက် ပြည်နယ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီ အကြမ်းသမားတွေဝင်ရောက်လာမှုဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရဲတပ်ဖွဲ့က အလိုရှိနေသူများ
ရဲတပ်ဖွဲ့က အလိုရှိနေသူများ

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကစေလွှတ်လာတယ်လို့ယူဆရတဲ့ အကြမ်းဖက်သမား (၄) ဦးဟာ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ အတွက်ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့တွေအနေနဲ့ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ မွန်ပြည်နယ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားသူများ
ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားသူများ

“ကျနော်တို့လည်း ရောက်လာတယ်ပဲ သိရတာပဲ၊ ရှာတော့ရှာနေတာပဲ၊ တွေ့သမျှလူထုနဲ့ရော ဘာနဲ့ရော အကုန်လုံး ဧည့်စာရင်းစစ်တာတွေရော၊ ရဲတပ်ဖွဲ့က နယ်ထိန်းတွေရော အကုန် ရှာဖွေနေပါတယ်။ လမ်းကြောင်းကတော့ မြဝတီက ဝင်လာတယ်လို့ သိရတယ်။ ဘယ်သွားမလဲတော့ ဖမ်းမမိသေးတော့ မသိသေးဘူးပေါ့။”

အကြမ်းဖက်သမား (၄) ဦးဟာ ထိုင်နိုင်ငံ မဲဆောက်-မြဝတီလမ်းကြောင်းကနေ မော်လမြိုင်မြို့ကိုရောက်လာတာဖြစ်ကြောင်း ဗိုလ်မှူးကြီးဌေးမြင့်အောင်က ပြောပါတယ်။ အကြမ်းဖက်သမားလို့ယူဆရသူ (၄) ဦးရဲ့ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို မော်လမြိုင်မြို့လမ်းဆုံလမ်းခွတွေမှာကပ်ထားပြီး ပြည်သူတွေကို အသိပေးကြေညာထားတယ်လို့လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အတည်ပြုခဲ့ပေမယ့် တခြားအချက်အလက် တွေကိုတော့ ဖြေကြားပေးတာ မရှိခဲ့ပါဘူး။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ပြည်တွင်းလှုပ်ရှားမှုတာဝန်ခံ သန်းဝင်း၊ အဖွဲ့ဝင် အိုစမာ(ခ)ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွတိုက်ခိုက်ရေး သင်တန်းဆင်း အာဖက်(ခ)အမင်းနှင့် အစ္စလာမ်မစ် စစ်သွေးကြွအကူ ဖောက်ခွဲရေးသမား အီစမိုင်(ခ)ဇော်ဝင်းတို့ရဲ့ ဓာတ်ပုံတွေနဲ့တကွ မွန်ပြည်နယ် ရဲတပ်ဖွဲ့ကနေ သတိပေး ကြေညာထားပါတယ်။

အခုလိုအကြမ်းဖက်သမားတွေ အချိန်ကိုက်ဝင်ရောက်လာတာဟာ နေပြည်တော်မှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့လည်း မွန်ပြည်နယ်ဝန်ကြီး ဒေါက်တာလှဦးက ပြောပါတယ်။

ဒါကြောင့်မို့လို့ သတိရှိရှိနဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အကြမ်းဖက်မှုမဖြစ်ပွားအောင် ရဲတပ်ဖွဲ့တွေအနေနဲ့ အချိန်မီ ဖော်ထုတ်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း မွန်ပြည်နယ်ဝန်ကြီးဒေါက်တာလှဦးက အခုလို ပြောပါတယ်။

“သတိရှိတာတော့ ကောင်းတာပေါ့။ … ဖော်ထုတ်ပေးနိုင်တယ်ဆိုတော့လည်း ပိုအကျိုးရှိတာပေါ့။ တကယ့်အခမ်းအနားတွေ လုပ်ကိုင်ပြီးမှ ဘာမှန်းမသိလေ၊ ကောင်းလေလေပေါ့။ ….ဆိုတော့လေ။”

နိုဝင်ဘာ (၁၂) ရက်က (၁၃) ရက်အထိ နေပြည်တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာရှနဲ့အရှေ့တောင်အာရှ ထိပ်သီး ခေါင်းဆောင်တွေအပါအဝင် အမေရိကန်သမ္မတ အိုးဘားမားလည်း ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် နေပြည်တော်နဲ့ စပ်ဆက်ခရိုင်တွေဖြစ်တဲ့ ရမည်းသင်း၊ တောင်ကြီး၊ တောင်ငူ၊ မကွေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်နဲ့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲမှူးချုပ်စိုးမြိုင်က သတင်းမီဒီယာ တွေကိုပြောခဲ့ပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးကျင်းပမယ့်ကာလတွေမှာ ပြည်တွင်းပြည်ပ ခရီးသွားလာသူတွေအပေါ် စိစစ်ဆေးမှုတွေကို တိုးမြှင့်သွားမှာဖြစ်လို့ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံတဲ့အထောက်အထားတွေ ယူဆောင်လာကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG