သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ယူကရိန်း ဆွေးနွေးပွဲအတွက် ဝန်ကြီး Rubio ဆော်ဒီ သွားမည်


ဆော်ဒီအာရေးဗျနိင်ငံ၊ Riyadh မြို့တွင် တွေ့ဆုံနေကြသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman။ (၁၇ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)
ဆော်ဒီအာရေးဗျနိင်ငံ၊ Riyadh မြို့တွင် တွေ့ဆုံနေကြသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman။ (၁၇ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio မတ်လ ၁၀ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ Jeddah မြို့ကို ရောက်ရှိပြီး ရုရှား ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အမေရိကန်သမ္မတ Donald Trump ရဲ့ သဘောထားနဲ့ ပတ်သတ်လို့ အမေရိကန်-ယူကရိန်းကြား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Jeddah ကို ရောက်ရှိစဥ်မှာ ဝန်ကြီး ရူဘီယိုဟာ ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman Al Saud နဲ့ လည်း ဒေသတွင်း တူညီတဲ့ အကျိုးစီးပွားတွေ ပိုပြီးပူးတွဲအကောင်အထည်ဖေါ်ဖို့နဲ့ အမေရိကန်-ဆော်ဒီအားရေးဘီးယား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

စစ်ပွဲ အမြန်ဆုံးအဆုံးသတ်နိုင်ရေး သမ္မတ Donald Trump ရဲ့ ပိုင်းဖြတ်ချက်နဲ့၊ ငြိမ်းချမ်းရေး အဓွန့်ရှည်စေဖို့ သက်ဆိုင်သူတွေအားလုံး ကြိုးပမ်းကြဖို့ မတ်လ ၇ ရက်နေ့ သောကြာနေ့က ယူကရိန်းနိုင်ငံခြားရေးဝန်ကြိး Andrii Sybiha နဲ့ ဖုန်းဆက်သွယ်ပြောကြားစဥ်မှာ ရူဘီယိုက အလေးအနက်ထား ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။​

တနင်္လာနေ့ကျရင် ယူကရိန်းသမ္မတ Volodymyr Zelenskyy လည်း ဆော်ဒီအာရေးဘီးယား အိမ်ရှေ့စံမင်းသား Mohammed bin Salman နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အဲဒီနောက် သမ္မတ ဇယ်လင်းစကီးရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲ Andriy Yermak ဦးဆောင်တဲ့ ယူကရိန်း သံတမန်နဲ့ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့တို့ ဆော်ဒီအာရေးဘီးယားမှ ဆက်လက်ကျန်ရှိမှာဖြစ်ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ထဲမှာ ကာကွယ်ရေးဝန်ကြီး Sybiha နဲ့ စစ်ဘက် ကွပ်ကဲရေးမှူး Pavlo Palisa တို့လည်း ပါဝင်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာတော့ ဝန်ကြီး ရူဘီယို အပါအဝင်၊ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz ၊ ထရမ့် အထူးအကြံပေး Steve Witkoff တို့ ပါဝင်မှာပါ။

အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဆော်ဒီအာရေးဘီးယားနိုင်ငံ Riyadh မှာ တွေ့ဆုံဆွေးနွေးပြီး သီတင်းသုံးပတ်အကြာမှာ ယူကရိန်း ကိုယ်စားလှယ်တွေနဲ့ ခုလို တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်လာဖို့ ယူကရိန်းဘက်က အပြည့်အဝ ကြိုးပမ်းသွားမယ်လို့လည်း ယူကရိန်းဘက်က ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG