အစ္စရေးနိုင်ငံအတွက် အမေရိကန်က ဒေါ်လာသန်း ၄ ထောင်ဖိုး စစ်ရေးအကူအညီ အမြန်ပေးအပ်မယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောလိုက်ပါတယ်။
ဂါဇာဒေသမှာ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အတိမ်းအစောင်းမခံနိုင် ဖြစ်နေတဲ့ အချိန်မှာပဲ အရှေ့အလယ်ပိုင်းဒေက အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးကို စစ်လက်နက်တွေ အမြန်ပေးပို့နိုင်ဖို့ အရေးပေါ်လုပ်ပိုင်ခွင့် အာဏာသုံးခဲ့ကြောင်းလည်း ဝန်ကြီး Rubio မနေ့ကပဲ ပြောလိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump အစိုးရ ဇန်နဝါရီ ၂၀ မှာ စတင်တာဝန်ယူခဲ့ပြီးနောက် ပြည်ပကို အဓိက စစ်လက်နက်ရာင်းချတဲ့ အစီအစဉ်အဖြစ် အစ္စရေးကို ဒေါ်လာ ၁၂ ဘီလီယံနီးပါး ရောင်းချဖို့ အတည်ပြုထားပါတယ်။ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အပါအဝင် အစ္စရေးကို အကာအကွယ်ပေးဖို့ အမေရိကန်ရဲ့ ရေရှည်သန္နိဋ္ဌာန်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက အစ္စရေးမှာ အရပ်သားအများစုအပါအဝင် လူ ၁၂၀၀ သေဆုံးပြီး၊ ၂၅၀ လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။
ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို အစ္စရေးက တန်ပြန်တဲ့စစ်ပွဲအတွင်း ပါလက်စတိုင်း ၄ သောင်း ၈ ထောင်ကျော် သေဆုံးခဲ့ပြီး၊ တဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့လည်း ဂါဇာဒေသကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Forum