သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်မှာဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုတချို့ဖြစ်ပွား


ရန်ကုန်မြို့လည်ခေါင်း ဆူးလေဘုရားနှင့် ပတ်ဝန်းကျင်မြင်ကွင်း။ ဧပြီ ၂၆၊ ၂၀၁၂။
ရန်ကုန်မြို့လည်ခေါင်း ဆူးလေဘုရားနှင့် ပတ်ဝန်းကျင်မြင်ကွင်း။ ဧပြီ ၂၆၊ ၂၀၁၂။
မိတ္ထီလာမြို့မှာ ထိခိုက်သေကျေမှုတွေ ဖြစ်ခဲ့ရတဲ့ ဆူပူမှုတွေ တည်ငြိမ်စ ပြုနေချိန်မှာပဲ စီးပွားရေး အချက်အခြာကျတဲ့ ရန်ကုန်မြို့မှာလည်း အလားတူ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်တဲ့ အထိတော့ မဖြစ်ပွားခဲ့ဘူးလို့ မြို့ခံတွေနဲ့ လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုကျော်ထင်က သတင်းပေးပို့ထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားအောင် လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ဒေသခံတွေ အထိပ်တလန့် ဖြစ်ခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့် ဒေသခံတယောက်ကတော့ ကောလဟာလ ထုတ်သူတွေဟာ ဗလီတွေ မီးရှို့ဖျက်စီးခံနေရတဲ့ အကြောင်း ကြွေးကြော်တယ်လို့ ဆိုပါတယ်။

“ဖြစ်တာတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တဝိုက်ပေါ့နော်၊ ရေတွင်း ကုန်းတို့၊ သပြေကုန်းတို့ အဲ့ဒီနေရာတွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ သဘောပါ။"

မေး။ ။ သူတို့တွေက ကားနဲ့ ဘာတွေလာအော်ကြတာလဲခင်ဗျ။
“ကားနဲ့က ဟိုဗလီတွေ၊ ဒီဗလီတွေ ဖျက်ခံနေရပြီလို့ လှုံ့ဆော်ပြီး အော်သွားတာပါ"

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတာဝန်ကျ အရာရှိတယောက်ကတော့ အခြေအနေက ပုံမှန်ပဲလို့ ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။
“မနေ့က ဘာမှမဖြစ်ဘူးခင်ဗျ၊ သူတို့တွေက ကိုယ့်ရပ်ကွက်ကို ကိုယ် ကင်းစောင့်နေသလို၊ လူတွေတော့ နည်းနည်းများတာပေါ့လေ။”

မေး။ ။ မူဆလင်တွေက တုတ်၊ ဓားတွေကိုင်ဆောင်ပြီး သူတို့ရပ်ကွက်ကို သူတို့
စောင့်ကြတယ်ဆိုတဲ့ သဘောလားဗျ၊
“အဲ့ဒီလိုမျိုး လုံခြုံရေးယူတာပေါ့။”

မေး။ ။ ကျနော်တို့ ကြားရတာက လူတစုက ကားတစီးနဲ့ပေါ့လေ ဒီနားက ဗလီတွေ မီးရှို့ခံရပြီဆိုတဲ့ ပုံစံမျိုး အော်ဟစ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်ခင်ဗျ။
“အဲ့လိုတော့မရှိဘူးဗျ၊ သူတို့က ကင်းစောင့်နေတဲ့ မူဆလင်တွေက တယောက်နဲ့ တယောက် ဖုန်းနဲ့ အဆက်အသွယ် လုပ်နေကြတာတွေ့ရတာပဲ”

မနေ့ညက အခင်းဖြစ်တဲ့နေရာကို ရောက်သွားတဲ့ ကိုအောင်မျိုးဦးကတော့ အခြေအနေကို အခုလို ရှင်းပြပါသေးတယ်။
“တက္ကစီကားတစီးထွက်လာတယ်၊ ကားပေါ်ကနေ ဟိုမှာ ကုလားတွေရိုက်နေပြီ၊ ခုတ်နေပြီ ဆိုပြီး လှမ်းပြောသွားတယ်၊ ဒါကိုကြားပေမဲ့ ကျနော်တို့လည်း လမ်းဆက်လျှောက်လာကြတယ်။ မင်္ဂလာဈေးရှေ့ ၁၃၂ လမ်း၊ ၁၃၃ လမ်း၊ ၁၃၄ လမ်းတို့ အဲ့ဒီဘက်မှာရှိတဲ့ ကုလားတွေက အသံသြသြကြီးတွေအော် တုတ်ဓားတွေနဲ့ ထွက်လာတော့ ဟိုဘက်ကအော်၊ ဒီဘက်ကအော်ဆိုတော့ ကျနော်တို့လည်း ချက်ချင်း ကံတော်ကြီးဘက်ကို ထွက်လာခဲ့တယ်။”

ဒီနေ့မနက်ပိုင်းကစပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လုံခြုံရေးအင်အား တိုးမြှင့်ချထား တယ်လို့ သိရပြီး ယုဇနပလာဇာနဲ့ မင်္ဂလာဈေးအနီးနားက ဆိုင်ခန်းတချို့လည်း ပိတ်ထားကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုတွေအတွက် မြို့ခံတွေအကြား အထိတ်တလန့် ဖြစ်စရာတွေ ကြုံခဲ့ရတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေတဲ့အကြောင်း သမ္မတရဲ့ ပြောခွင့်ရသူ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ Facebook အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ပြောဆိုသွားပါတယ်။

ကောလဟလတွေ ဖြန့်ချိပြီး မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတာတွေကို လူထုအနေနဲ့ သတိထားကြဖို့နဲ့ မသင်္ကာတဲ့လုပ်ရပ်တွေ တွေ့ရင် အကြောင်းကြားကြဖို့၊ ပြဿနာတွေ
ဖြစ်ပွားလာခဲ့ရင်လည်း ဥပဒေအရ ဖြေရှင်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အစိုးရအနေနဲ့ကတော့ ဆူပူမှုတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် လုံခြုံရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးမှာဖြစ်တယ်လို့လည်း တနင်္လာနေ့ နှောင်းပိုင်းမှာပဲ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG