သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာသူဌေးကြီး မားဒေါ့ မင်္ဂလာပွဲ


အမေရိကန် Fox ဖောက်စ်သတင်းဌာန နဲ့ News Corp ကုမ္ပဏီဥက္ကဌဟောင်း  Rupert Murdoch ရုပတ်မားဒေါ့ဟာ သူ့ချစ်သူ Elena Zhukova အလိန်းနား ဇက်ကိုဗာ (ဇွန် ၁၊ ၂၀၂၄)
အမေရိကန် Fox ဖောက်စ်သတင်းဌာန နဲ့ News Corp ကုမ္ပဏီဥက္ကဌဟောင်း  Rupert Murdoch ရုပတ်မားဒေါ့ဟာ သူ့ချစ်သူ Elena Zhukova အလိန်းနား ဇက်ကိုဗာ (ဇွန် ၁၊ ၂၀၂၄)

တလောကပဲ ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတင်းမီဒီယာသူဌေးကြီး Rupert Murdoch ရုပတ်မားဒေါ့ဟာ ၅ ကြိမ်မြောက်အဖြစ် လက်ထပ်လိုက်ပြီလို့ သူ့ရဲ့ သတင်းမီဒီယာကုမ္ပဏီ News Corp က ဇွန်လ ၂ ရက်နေ့ကပဲ အတည်ပြုသွားပါတယ်။

အမေရိကန် Fox ဖောက်စ်သတင်းဌာန နဲ့ News Corp ကုမ္ပဏီဥက္ကဌဟောင်း Rupert Murdoch ရုပတ်မားဒေါ့ဟာ သူ့ချစ်သူ Elena Zhukova အလိန်းနား ဇက်ကိုဗာနဲ့ ကယ်လီဖိုးနီးပြည်နယ်က မားဒေါ့ပိုင် Moraga မရာဂါ စပျစ်ခြံကြီးထဲမှာ ဇွန်လ ၁ ရက်နေ့က မင်္ဂလာပွဲကျင်းပပြီး လက်ထပ်ထိမ်းမြားလိုက်တာ ဖြစ်ပါတယ်။

သတို့သမီးက ရုရှားနိုင်ငံက အသက် ၆၇ နှစ်အရွယ် အငြိမ်းစား မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင် ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံ ပြုံးပျော်နေတဲ့ ပုံတွေကို News Corp က ထုတ်တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ သူတို့ မောင်နှံဟာ မနှစ်က မတ်လမှာ စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သူဌေးကြီး မားဒေါ့က ရုပ်ရှင်မင်းသမီး၊ မော်ဒယ် ဂျယ်ရီဟောနဲ့ လက်ထပ်ထားတာပါ။ သူတို့ ၂ ဦး ၂၀၀၆ ခုနှစ်မှာ ယူခဲ့ကြပြီး ၂၀၂၂ မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံးသူယူလိုက်တဲ့ သတို့းသမီး Elena Zhukova အလိန်းနား ဇက်ကိုဗာကလည်း အရင်က အိမ်ထောင်ရှိပါတယ်။ စွမ်းအင်လုပ်ငန်း သန်းထောင်ကြွယ်သူဌေးကြီး လည်းဖြစ် ရုရှားနိုင်ငံရေးသမားလည်းဖြစ်တဲ့ အလက်စ်ဇန်းဒါး ဇက်ကိုဗာနဲ့ ပေါင်းသင်း ခဲ့တာပါ။ သူတို့ ၂ ဦးရဲ့သမီး Dasha ကလည်း ရုရှားဘီလျံနာ Roman Abramovich ရိုမန် အက်ဘ်ရားမောဗစ်ချ် (အရင်က ချယ်ဆီးဘောလုံးအသင်းပိုင်ရှင်) နဲ့ အိမ်ထောင်ကျခဲ့ပြီး အခုတော့ကွဲသွားပါပြီ။

ရုပတ်မားဒေါ့ဟာ Fox News ဖော့က်စ်သတင်း မိခင်ကုမ္ပဏီနဲ့ News Corp မီဒီယာကုမ္ပဏီချုပ်ရဲ့ အကြီးအကဲနေရာကနေ မနှစ်က စက်တင်ဘာကျမှ အနားယူလိုက်တာဖြစ်လို့ သူ့ရဲ့ နှစ် ၇၀ တာ ကာလရှည်တလျှောက် သတင်းမီဒီယာလုပ်ငန်းရှင်ဘဝကို အောင်အောင်မြင်မြင် နိဂုံးချုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ သူသားက သူ့နေရာမှာ ဆက်ခံနေပြီး ခေတ်သစ်အမေရိကန်နိုင်ငံရေးကို ကူညီပုံဖော်တဲ့ မီဒီယာလုပ်ငန်းကြီးတွေကို ဆက်ပြီးဦးစီးနေပါတယ်။

သူဌေးကြီး မားဒေါ့က သူ့မွေးဇာတိ ဩစတေးလျမှာ သတင်းစာလုပ်ငန်းတခုကို ၁၉၅၂ ခုနှစ်မှာ ဖခင်ဆီကနေ အမွေရခဲ့တာပါ။ နောက်ဆယ်စုနှစ်တွေအတွင်းမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေမှာ ထင်ရှားတဲ့ သတင်းနဲ့ဖျော်ဖြေရေးလုပ်ငန်းကြီး ဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်။ အမေရိကန်က The Wall Street Journal သတင်းစာနဲ့ ဗြိတိန်က The Times သတင်းစာတို့ ဖြစ်ပါတယ်။

သူပိုင်တဲ့ Fox သတင်း ရုပ်သံလိုင်းကလည်း ၁၉၉၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး အထူးအောင်မြင်တာပါ။ အမေရိကန်ပြည်ထောင်စုမှာ သမရိုးကျဝါဒီ လူထုပရိသတ်နဲ့ နိုင်ငံရေးသမားတွေကြားမှာ အထူးရေပန်းစားပြီး တနေ့ ၂၄ နာရီ အချိန်ပြည့်ထုတ်လွှင့်တဲ့ သတင်းဌာနဖြစ်ပါတယ်။

Forum

XS
SM
MD
LG